သံယုတ္တနိကာယ်—၃၃

၅—ဝိညာဏအညာဏသုတ်

၆၁၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရား အား ဤစကားကို လျှောက်၏—“အသျှင်ဂေါတမ ‘လောကသည် မြဲ၏ ‘ ဟူ၍လည်းကောင်း၊ ‘လောကသည်မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်း လောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏အကြောင်း ကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု (လျှောက်၏)။

ဝစ္ဆ ဝိညာဏ်၌ မသိခြင်းကြောင့်, ဝိညာဏ်ဖြစ်ကြောင်း၌ မသိခြင်းကြောင့်, ဝိညာဏ်ချုပ်ရာ၌ မသိခြင်းကြောင့်, ဝိညာဏ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိခြင်းကြောင့် ‘လောကသည်မြဲ၏ ‘ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်း လောက၌ ဤသို့အားဖြင့် ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ကုန်၏။

ဝစ္ဆ ‘လောကသည် မြဲ၏ ‘ ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ‘ ဟူ၍လည်းကောင်းလောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက် အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။