သံယုတ္တနိကာယ်—၃၅

(၁၁) ၁—ယောဂက္ခေမိဝဂ်

၂—ဥပါဒါယသုတ်

၁ဝ၅။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို စွဲလမ်း၍ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင်အမွန်အစရှိပါကုန်၏။ ရဟန်းတို့ မျက်စိရှိလျှင် မျက်စိကို စွဲလမ်း၍ ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲဖြစ်ပေါ်လာ၏။ပ။ စိတ်ရှိလျှင် စိတ်ကို စွဲလမ်း၍ ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်လာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို မစွဲလမ်းလျှင်ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ်နိုင်ရာပါ အသျှင်ဘုရား။ပ။ လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော လျှာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော လျှာကို မစွဲလမ်းလျှင့်ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ် နိုင်ရာပါ အသျှင်ဘုရား။ပ။ စိတ်သည် မြဲသလော၊ မမြဲ သလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါ အသျှင် ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စိတ်ကိုမစွဲလမ်းလျှင်ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ်နိုင်ရာပါအသျှင်ဘုရား။

ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။