သံယုတ္တနိကာယ်—၃၅
(၁၁) ၁—ယောဂက္ခေမိဝဂ်
၅—သေယျာဟမသ္မိသုတ်
၁ဝ၈။ ရဟန်းတို့ အဘယ်တရားရှိနေလျှင် အဘယ်တရားကို စွဲလမ်း၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာလျှင် အမွန်အစရှိပါကုန်၏။
ရဟန်းတို့ မျက်စိရှိလျှင် မျက်စိကို အကြောင်းပြု၍ မျက်စိကို အမှားနှလုံးသွင်း၍ “ငါ မြင့်မြတ်သူ”ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ”ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်၏။ပ။ လျှာရှိလျှင်။ပ။ စိတ်ရှိလျှင် စိတ်ကို အကြောင်းပြု၍ စိတ်ကို အမှားနှလုံးသွင်း၍ “ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ” ဟူ၍လည်းကောင်း ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲ သောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို မစွဲလမ်းခဲ့လျှင် “ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်ရာသလော။ မဖြစ် ရာပါ အသျှင်ဘုရား။ပ။ လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါဘုရား။ပ။ စိတ်သည်မြဲသလော၊ မမြဲ သလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင် ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စိတ်ကို မစွဲလမ်းခဲ့လျှင်”ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်ရာသ လော။ မဖြစ်ရာပါ အသျှင်ဘုရား။
ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ “ဟု အသိဉာဏ်ဖြစ် ပေါ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ့ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။