သံယုတ္တနိကာယ်—၃၅

(၁၁) ၁—ယောဂက္ခေမိဝဂ်

၇—ဥပါဒါနိယသုတ်

၁၁ဝ။ ရဟန်းတို့ စွဲလမ်းအပ်သော တရားတို့ကိုလည်းကောင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ စွဲလမ်းအပ်သော တရားတို့ကား အဘယ်တို့နည်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကားအဘယ်နည်း။ ရဟန်းတို့ မျက်စိသည် စွဲလမ်းအပ်သော တရားတည်း။ ထိုမျက်စိ၌ လိုချင်စွဲမက်မှုသည်ထိုမျက်စိ၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရား မည်၏။ပ။ လျှာသည် စွဲလမ်းအပ်သော တရားတည်း။ပ။ စိတ်သည်စွဲလမ်းအပ်သော တရားတည်း။ ထိုစိတ်၌ လိုချင်စွဲမက်မှုသည် ထိုစိတ်၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရား မည်၏။

ရဟန်းတို့ ဤတရားတို့ကို စွဲလမ်းအပ်သော တရားတို့ဟူ၍ ဤတရားကို စွဲလမ်းမှု ‘ဥပါဒါန်’တရားဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။