သံယုတ္တနိကာယ်—၃၅
(၁၃) ၃—ဂဟပတိဝဂ်
၆—ဃောသိတသုတ်
၁၂၉။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဃောသိတသူကြွယ်သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်ထား၏—“အသျှင်အာနန္ဒာ ဓာတ်တို့၏ထူးခြား မှု, ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ဓာတ်တို့၏ထူးခြားမှုကို မြတ်စွာဘုရား ဟောကြားအပ်ပါသနည်း”ဟု (လျှောက်၏)။
သူကြွယ် စက္ခုဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော အဆင်းတို့သည်လည်း ရှိကုန်၏၊ စက္ခုဝိညာဏ်သည်လည်း ရှိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု’ဖဿ’ကို စွဲ၍ သုခ ဝေဒနာသည် ဖြစ်၏။ သူကြွယ် စက္ခုဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို မပွားစေတတ်သောအဆင်းတို့သည်လည်း ရှိကုန်၏၊ စက္ခုဝိညာဏ်သည်လည်း ရှိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ သူကြွယ် စက္ခုဓာတ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်ကုန်သော အဆင်းတို့သည်လည်း ရှိကုန်၏။ စက္ခုဝိညာဏ်သည်လည်းရှိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏။ပ။
သူကြွယ် ဇိဝှါဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော အရသာတို့သည်လည်း ရှိကုန်၏၊ ဇိဝှါဝိညာဏ်သည်လည်း ရှိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု’ဖဿ’ကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ သူကြွယ် ဇိဝှါဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို မပွားစေတတ်သောအရသာ တို့သည်လည်း ရှိကုန်၏၊ ဇိဝှါဝိညာဏ်သည်လည်း ရှိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ သူကြွယ် ဇိဝှါဓာတ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော အရသာတို့သည်လည်း ရှိကုန်၏၊ ဇိဝှါဝိညာဏ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏။ပ။
သူကြွယ် မနောဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော သဘောတရားတို့သည်လည်းရှိကုန်၏၊ မနောဝိညာဏ်သည်လည်း ရှိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု’ဖဿ’ ကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ သူကြွယ် မနောဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို မပွားစေတတ်သောသဘောတရားတို့သည်လည်း ရှိကုန်၏၊ မနောဝိညာဏ်သည်လည်း ရှိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု’ဖဿ’ကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ သူကြွယ် မနောဓာတ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော သဘောတရားတို့သည်လည်းကောင်း၊ မနောဝိညာဏ်သည်လည်းကောင်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု’ဖဿ’ကို စွဲ၍ ဥပေက္ခာဝေဒနာသည်ဖြစ်၏။
သူကြွယ် ဤမျှလောက်ဖြင့် ဓာတ်တို့၏ ထူးခြားမှုကို မြတ်စွာဘုရား ဟောကြားတော်မူအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။