သံယုတ္တနိကာယ်—၃၅

(၇) ၂—မိဂဇာလဝဂ်

၁ဝ—ဒုတိယ ဆဖဿာယတနသုတ်

၇၂။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု ‘ဖဿ’၏ တည်ရာ ခြောက်မျိုး တို့၏့ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုရဟန်းသည် မြတ်သော အကျင့်ကိုမကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ’သာသနာတော်’မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —“အသျှင်ဘုရား ဤသာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အလွန်ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏တည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ”ဟု လျှောက်၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသလော။ ရှုပါသည်အသျှင် ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် မျက်စိကို” ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ရှေးဦးစွာသော တွေ့ထိမှု၏ တည်ရာကို နောင်အခါ၌ ထပ်၍ မဖြစ်ရန်ပယ်ပြီး ဖြစ်လတ္တံ့။ပ။

လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှုသလော။ ရှုပါသည် အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာခြောက်မျိုးတို့တွင် လျှာကိုလည်း “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ဤလေးခုမြောက်ဖြစ်သော တွေ့ထိမှု၏တည်ရာကို နောင်အခါ၌ ထပ်၍ မဖြစ်ရန် ပယ်ပြီး ဖြစ်လတ္တံ့။ပ။

စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှုသလော။ ရှုပါသည် အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် စိတ်ကိုလည်း “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ် လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ဤခြောက်ခုမြောက်ဖြစ်သော တွေ့ထိမှု၏ တည်ရာကိုနောင်အခါ၌ ထပ်၍ မဖြစ်ရန် ပယ်ပြီး ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။