သံယုတ္တနိကာယ်—၃၅

(၇) ၂—မိဂဇာလဝဂ်

၁၁—တတိယ ဆဖဿာယတနသုတ်

၇၃။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု ‘ဖဿ’၏ တည်ရာ ခြောက်မျိုး တို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုရဟန်းသည် မြတ်သော အကျင့်ကိုမကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —“အသျှင်ဘုရား သာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အလွန်ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏တည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ “ဟု့လျှောက်၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ်’အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤစိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင် ဘုရား။

ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏၊ နှာခေါင်း၌လည်း ငြီးငွေ့၏၊ လျှာ၌လည်း ငြီးငွေ့၏၊ကိုယ်၌လည်း ငြီးငွေ့၏၊ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဘွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

နှစ်ခုမြောက် မိဂဇာလဝဂ် ပြီး၏။