သံယုတ္တနိကာယ်—၃၅
(၈) ၃—ဂိလာနဝဂ်
၁—ပဌမ ဂိလာနသုတ်
၇၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “မြတ်စွာဘုရား ဤမည်သောကျောင်း၌ မထင်ရှားသော ရဟန်းငယ်တစ်ပါးသည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ရောက် လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ထို ရဟန်းထံသို့ သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေလိုပါ၏”ဟုလျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် အငယ်ဟူသော စကားကိုလည်းကောင်း၊ သူနာဟူသော စကားကိုလည်းကောင်း ကြားရသဖြင့် “သူနာရဟန်းသည် မထင်ရှားသော ရဟန်း”ဟု သိတော်မူ၍ ထိုရဟန်းထံသို့ကြွတော်မူ၏။ ထိုသူနာရဟန်းသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ရ၍ ညောင်စောင်းမှ အောက်သို့ ဆင်းမည့်အယောင် ပြု၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား “ရဟန်းမသင့်၊ သင်သည် ညောင်စောင်းမှ အောက်သို့ မဆင်းလင့်၊ ခင်းထားပြီးသော ဤနေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့”ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ခင်းထားပြီးသောနေရာ၌ ထိုင်နေတော်မူ၏။ ထိုင်နေတော်မူပြီးနောက် မြတ်စွာဘုရားသည် ထိုသူနာရဟန်းအား “ရဟန်းသင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်ပါ၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲရှိပါ၏လော”ဟု မိန့်တော်မူ၏။
အသျှင်ဘုရား တပည့်တော်အား မခံ့ကျန်းပါ၊ မမျှတပါ၊ တပည့်တော်အား ပြင်းထန်သော ဆင်းရဲ့ဝေဒနာတို့သည် တိုးပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။ ရဟန်း သင့်အား တစ်စုံတစ်ခုသော စိုးရိမ်မှု နှလုံးမသာမှုသည် ရှိသလော။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်အား စိုးရိမ်မှု နှလုံးမသာမှုသည် မနည်းလှပါ။ ရဟန်း သင့်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏လော။ အသျှင်ဘုရား တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏။ ရဟန်း သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲရှိခဲ့မူ သင်၏ စိုးရိမ်မှု နှလုံးမသာမှုကား အဘယ်နည်း။ အသျှင်ဘုရား သီလစင်ကြယ်ခြင်းအကျိုးငှါမြတ်စွာ ဘုရားသည် တရားကို ဟော၏ဟု တပည့်တော် မသိပါ။ ရဟန်း သီလစင်ကြယ်ခြင်းအကျိုးငှါငါဘုရားသည် တရားကို ဟော၏ဟု မသိခဲ့မူ အဘယ်အကျိုးငှါ ငါဘုရားသည် တရားတော်ကိုဟော၏ဟု သင် သိ သနည်း။ အသျှင်ဘုရား တပ်မက်မှု’ရာဂ’ ကင်းခြင်းအကျိုးငှါ မြတ်စွာဘုရားသည်တရားတော်ကို ဟော၏ဟု တပည့်တော် သိပါ၏ဟု (လျှောက်၏)။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း တပ်မက်မှု’ရာဂ’ ကင်းခြင်းအကျိုးငှါ ငါဘုရားသည်တရားကို ဟောထားသည်ကို သင် ကောင်းစွာ သိ၏၊ ရဟန်း ငါဘုရားသည် တပ်မက်မှု’ရာဂ’ ကင်းခြင်းအကျိုးရှိသော တရားတော်ကို ဟောအပ်၏၊ ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤစိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ်’အတ္တ’တည်း”ဟု ရှုခြင်း ငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက် ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဘွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား၏ စကား တော်ကိုအလွန်နှစ်သက်ဝမ်းမြောက်လေပြီ။ ဤစုဏ္ဏိယစကားပြေကို ဟောပြသည်ရှိသော် ထိုသူနာရဟန်း အား”ဖြစ်ပေါ်ခြင်းသဘောရှိသော တရားမှန်သမျှသည် ချုပ်ပျောက်ခြင်းသဘောရှိ၏ “ဟု ကိလေသာမြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ဖြစ်ပေါ်၏။
ပဌမသုတ်။