သံယုတ္တနိကာယ်—၃၅

(၈) ၃—ဂိလာနဝဂ်

၂—ဒုတိယ ဂိလာနသုတ်

၇၅။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား ဤမည်သောကျောင်း၌ မထင်ရှားသော ရဟန်းငယ်တစ်ပါးသည် အနာရောဂါ နှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ထိုရဟန်းထံသို့ သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေလိုပါ၏ “ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် အငယ်ဟူသော စကားကိုလည်းကောင်း၊ သူနာဟူသော စကားကိုလည်းကောင်း ကြားရသဖြင့် “သူနာရဟန်းသည် မထင်ရှားသော ရဟန်း”ဟု သိတော်မူ၍ ထိုရဟန်းထံသို့ ကြွတော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ရ၍ ညောင် စောင်းမှ အောက်သို့ ဆင်းမည့်အယောင် ပြု၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား့”ရဟန်း မသင့်၊ သင်သည် ညောင်စောင်းမှ အောက်သို့ မဆင်းလင့်၊ ခင်းထားပြီးသော ဤနေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့”ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည်ခင်းထားပြီးသော နေရာ၌ ထိုင်နေ တော်မူ၏၊ ထိုင်နေတော်မူပြီးနောက် မြတ်စွာဘုရားသည်ထိုသူနာရဟန်းအား “ရဟန်း သင့်အား ခံ့ကျန်း ပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည်ဆုတ်ယုတ်ကုန်ပါ၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏ လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟုထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲ ရှိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်အားမခံ့ကျန်းပါ၊ မမျှတပါ။ပ။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင်မစွပ်စွဲနိုင်ဘဲ ရှိပါ၏။

ရဟန်း သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိခဲ့မူ သင်၏ စိုးရိမ်မှု နှလုံးမသာမှုကားအဘယ်နည်း၊ အသျှင်ဘုရား သီလစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားသည် တရားတော်ကို ဟော၏ဟုတပည့်တော် မသိပါ။ ရဟန်း သီလစင်ကြယ်ခြင်းအကျိုးငှါ ငါဘုရားသည် တရားကို ဟော၏ဟု မသိခဲ့မူအဘယ်အကျိုးငှါ ငါသည် တရားဟော၏ဟု သင် သိသနည်း။ အသျှင်ဘုရား စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းငှါ မြတ်စွာဘုရားသည် တရားတော်ကို ဟော၏ဟု တပည့်တော် သိပါ၏၊ ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းအကျိုးငှါ ငါဘုရားသည် တရားကိုဟော၏ဟု သင် ကောင်းစွာ သိပေ၏၊ ရဟန်း ငါဘုရားသည် စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းအကျိုးရှိသော တရားတော်ကို ဟောအပ်၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ “ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြိီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား၏ စကား တော်ကိုအလွန်နှစ်သက်ဝမ်းမြောက်လေပြီ၊ ဤစုဏ္ဏိယစကားပြေတရားကို ဟောပြသည်ရှိသော် ထိုသူနာ ရဟန်း၏စိတ်သည် စွဲလမ်းမှု မရှိမူ၍ အာသဝေါတရားတို့မှ လွတ်၏။

ဒုတိယသုတ်။