သံယုတ္တနိကာယ်—၃၅
(၈) ၃—ဂိလာနဝဂ်
၃—ရာဓအနိစ္စသုတ်
၇၆။ ထိုအခါ အသျှင်ရာဓသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ရာဓသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော့်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ အထံမှ ယင်းတရားကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏”ဟု လျှောက်၏။
ရာဓ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ရာဓထိုတရား၌ လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်ဟူသော မမြဲသော တရားကား အဘယ်နည်း။ ရာဓ မျက်စိသည်မမြဲ၊ အဆင်းတို့သည် မမြဲကုန်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿ ဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ၊ ထိုမမြဲသောဝေဒနာ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။
စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ၊ ထိုမမြဲသော ခံစားမှု ‘ဝေဒနာ’၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ ရာဓ အကြင်တရားကား မမြဲ၊ ထိုမမြဲသော တရား၌ သင်သည် လိုချင်မှု’ဆန္ဒ’ကိုပယ်ရမည်ဟု (မိန့်တော်မူ၏)။
တတိယသုတ်။