သံယုတ္တနိကာယ်—၃၅
(၈) ၃—ဂိလာနဝဂ်
၄—ရာဓဒုက္ခသုတ်
၇၇။ ရာဓ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ ရာဓ ထိုတရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်ဟူသော ဆင်းရဲသော တရားကားအဘယ်နည်း။
ရာဓ မျက်စိသည် ဆင်းရဲ၏၊ ထိုမျက်စိ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ ဥပေက္ခာဝေဒနာသည် ဆင်းရဲ၏၊ ထိုခံစားမှု’ဝေဒနာ’၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ပ။ ရာဓ စိတ်သည်ဆင်းရဲ၏၊ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ဆင်းရဲ၏၊ ထိုခံစားမှု’ဝေဒနာ’၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။
ရာဓ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။