သံယုတ္တနိကာယ်—၃၆
၃—အဋ္ဌသတပရိယာယဝဂ်
၇—ပဌမ သမဏဗြာဟ္မဏသုတ်
၂၇၅။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသုံးပါးကုန်သော ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာမသိကြကုန်။ ရဟန်းတို့ ထို မသိကုန်သော သမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟုမသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ အမှန်အားဖြင့်ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုသော်လည်း ကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုသော်လည်းကောင်းယခုဘဝ၌ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ မနေနိုင်ကုန်။
ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသုံးပါးကုန်သော ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိကုန်၏။ ရဟန်းတို့ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ အမှန်အားဖြင့် ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုသော်လည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုသော်လည်းကောင်း ယခုဘဝ၌ ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေနိုင်ကုန်၏ဟု (မိန့်တော် မူ၏)။
သတ္တမသုတ်။