သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၆—သမ္ဗဟုလဘိက္ခုသုတ်

၂၇၄။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်ပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “ အသျှင်ဘုရား ဝေဒနာတို့ကား အဘယ်တို့ပါနည်း၊ ဝေဒနာ၏ ဖြစ်ကြောင်းကား အဘယ်ပါနည်း၊ ဝေဒနာဖြစ်ကြောင်းသို့ ရောက်စေတတ်သော အကျင့်ကား အဘယ်ပါနည်း၊ ဝေဒနာချုပ်ငြိမ်းရာကား အဘယ်ပါနည်း၊ ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကား အဘယ်ပါနည်း၊ ဝေဒနာ၏ သာယာဖွယ်ကား အဘယ်ပါနည်း၊ အပြစ်ကား အဘယ်ပါနည်း၊ ထွက်မြောက်ရာကား အဘယ်ပါနည်း “ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဝေဒနာတို့ကား ဤသုံးပါးတို့တည်း။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ဝေဒနာတို့ဟု ဆိုအပ်ကုန်၏။ တွေ့ထိမှု ‘ဖဿ’ ဖြစ်ခြင်းကြောင့်ဝေဒနာဖြစ်၏။ တပ်မက်မှု ‘ တဏှာ ‘သည် ဝေဒနာဖြစ်ကြောင်းသို့ ရောက်စေတတ်သော အကျင့်မည်၏။

တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဝေဒနာ၌ လိုချင်စွဲမက်မှု ‘ ဆန္ဒရာဂ ‘ ကို ဖျောက်ခြင်း၊ လိုချင်စွဲမက်မှု ‘ ဆန္ဒရာဂ ‘ ကို ပယ်ခြင်းသည် ဝေဒနာ၏ ထွက်မြောက်ရာမည်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။