သံယုတ္တနိကာယ်—၃၉

၁—သာမဏ္ဍကသုတ်

၃၃ဝ။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ဝဇ္ဇီတိုင်း ဥက္ကစေလာမြို့ ဂင်္ဂါမြစ်ကမ်း၌ (သီတင်းသုံး) နေ၏၊ ထိုအခါ သာမဏ္ဍကပရိဗိုဇ်သည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား ငါ့သျှင် သာရိပုတြာ “နိဗ္ဗာန် နိဗ္ဗာန်”ဟု ဆိုအပ်၏၊ ငါ့သျှင် နိဗ္ဗာန်ဟူသည် အဘယ်နည်းဟူသော ဤစကားကို လျှောက်၏။ ငါ့သျှင် ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာကို နိဗ္ဗာန်ဟု ဆိုအပ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟုမေး၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် အဘယ်ပါနည်း၊ အကျင့်သည် အဘယ်ပါနည်းဟုမေး၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤနိဗ္ဗာန်ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏။ အကျင့်သည် ကောင်း၏၊ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည် သာတည်းဟု ပြောဆို၏။

ပဌမသုတ်။

[ဇမ္ဗုခါဒကသုတ်ကဲ့သို့ ချဲ့အပ်၏]။