သံယုတ္တနိကာယ်—၄၁

၆—ဒုတိယ ကာမဘူသုတ်

၃၄၈။ အခါတစ်ပါး၌ အသျှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော်”အသျှင် ဘုရား သင်္ခါရတို့သည် အဘယ်မျှတို့နည်း”ဟု လျှောက်၏။ သူကြွယ် သင်္ခါရတို့သည်ကာယသင်္ခါရ၊ ဝစီ သင်္ခါရ၊ စိတ္တသင်္ခါရဟု သုံးပါးတို့တည်း။ “အသျှင်ဘုရား ကောင်းပါပြီ”ဟုစိတ္တသူကြွယ်သည် အသျှင် ကာမဘူ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ အသျှင်ကာမဘူအားပြဿနာကို ထပ်မံမေးလျှောက် ပြန်၏— “အသျှင်ဘုရား အဘယ်သည် ကာယသင်္ခါရဖြစ်သနည်း၊ အဘယ်သည် ဝစီသင်္ခါရဖြစ်သနည်း၊ အဘယ်သည် စိတ္တသင်္ခါရဖြစ်သနည်း”။ သူကြွယ်ထွက်သက်ဝင်သက်တို့သည် ကာယသင်္ခါရတည်း၊ ဝိတက် ဝိစာရတို့သည် ဝစီသင်္ခါရတည်း၊ သညာဝေဒနာတို့သည် စိတ္တသင်္ခါရတည်းဟု မိန့်ဆို၏။

အသျှင်ဘုရား ကောင်းပါပြီဟု စိတ္တသူကြွယ်သည်။ပ။ ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။

“အသျှင်ဘုရား အဘယ့်ကြောင့် ထွက်သက်ဝင်သက်တို့သည် ကာယသင်္ခါရမည်ပါသနည်း၊ အဘယ့်ကြောင့်ဝိတက်ဝိစာရတို့သည် ဝစီသင်္ခါရမည်ပါသနည်း၊ အဘယ့်ကြောင့် သညာဝေဒနာတို့သည် စိတ္တသင်္ခါရမည်ပါသနည်း “ဟု လျှောက်၏။ သူကြွယ် ထွက်သက်ဝင်သက်တို့သည် ကိုယ်၌ မှီကုန်၏၊ ထိုတရားတို့သည်ကိုယ်နှင့် စပ်ကုန်၏။ ထို့ကြောင့် ထွက်သက်ဝင်သက်တို့သည် ကာယသင်္ခါရမည်ပေ၏။ သူကြွယ့်ရှေးဦးစွာ ကြံစည်၍ သုံးသပ်၍ နောက်မှ စကားကို မြွက်ဆို၏။ ထို့ကြောင့် ဝိတက်ဝိစာရတို့သည်ဝစီသင်္ခါရမည်ပေ၏။ မှတ်သားမှု ‘သညာ’သည်လည်းကောင်း၊ ခံစားမှု ‘ဝေဒနာ’သည်လည်းကောင်းစိတ်၌ မှီ၏။ ထိုတရား တို့သည် စိတ်နှင့် စပ်ကုန်၏။ ထို့ကြောင့် သညာဝေဒနာတို့သည်စိတ္တသင်္ခါရမည်ပေ၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား အဘယ်သို့လျှင် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်သည်ဖြစ်သနည်း”ဟု ထပ်မံလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သောရဟန်းအား “ငါသည် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်အံ့ “ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်၏ “ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ရောက်ပြီ”ဟူ၍လည်းကောင်း ဤသို့ စိတ် မဖြစ်။ စင်စစ်သော်ကား ထိုနိရောဓသမာပတ်ကို ဝင်စားသောရဟန်းအား သညာဝေဒနာတို့ ချုပ်ရန်အလို့ငှါ ရှေးရှုဆောင်နိုင်လောက်သော စိတ်ကို ရှေးမဆွကပင်ပွါးပြီး ဖြစ်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော ရဟန်းအားအဘယ်တရားတို့သည် ရှေးဦးစွာ ချုပ်ခြင်းသို့ ရောက်ပါကုန်သနည်း။ ကာယသင်္ခါရလော၊ သို့မဟုတ်ဝစီသင်္ခါရလော၊ သို့မဟုတ် စိတ္တသင်္ခါရလော “ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ်သညာ ဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော ရဟန်းအား ဝစီသင်္ခါရသည် ရှေးဦးစွာ ချုပ်၏၊ ထို့နောက် ကာယသင်္ခါရ ချုပ်၏၊ ထို့နောက် စိတ္တသင်္ခါရ ချုပ်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သေသော ဘဝတစ်ပါးသို့ ပြောင်းသွားသော သူ (လူသေကောင်) နှင့်သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသော) ရဟန်းတို့၏ ထူးခြားခြင်းကား အဘယ်ပါနည်း”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သေသော ဘဝတစ်ပါးသို့ပြောင်းသွားသော သူ (လူသေကောင်) အား ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ ချုပ်ငြိမ်း၏၊ အသက်သည် ကုန်၏၊ အငွေ့ (ကမ္မဇတေဇော)သည် ငြိမ်း၏၊ ဣန္ဒြေတို့သည် ပျက်စီးကုန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသော) ရဟန်းအားမူ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ ချုပ်ငြိမ်း၏၊ အသက်သည် မကုန်၊ အငွေ့သည် မငြိမ်း၊ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏။ သူကြွယ် သေသော ဘဝတစ်ပါးသို့ ပြောင်းသွားသော သူ (လူသေကောင်) နှင့် သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသော) ရဟန်းတို့၏ ထူးခြားခြင်းကား ဤသည်ပင်တည်း။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား အဘယ်သို့လျှင် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှထပါသနည်း”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းအား “ငါသည် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထအံ့”ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထ၏”ဟူ၍လည်းကောင်း၊ “ငါသည် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထပြီ”ဟူ၍လည်းကောင်း ဤသို့ စိတ်မဖြစ်။ စင်စစ်သော်ကား ထိုနိရောဓသမာပတ်မှ ထသော ရဟန်းအား သညာဝေဒနာတို့ ချုပ်ရာ နိရောဓသမာပတ်မှထရန်အလို့ငှါ ရှေးရှု ဆောင်နိုင်လောက်သော စိတ်ကို ရှေးမဆွကပင် ပွါးပြီး ဖြစ်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသောရဟန်း အားအဘယ်တရားတို့သည် ရှေးဦးစွာ ဖြစ်ပါသနည်း။ ကာယသင်္ခါရသည်ပင် ရှေးဦးစွာ ဖြစ်ပါသလော၊ ဝစီသင်္ခါရသည်ပင် ရှေးဦးစွာ ဖြစ်ပါသလော၊ စိတ္တသင်္ခါရသည်ပင် ရှေးဦးစွာ ဖြစ်ပါသလော “ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏၊ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းအား စိတ္တသင်္ခါရသည် ရှေးဦးစွာ ဖြစ်၏၊ ထို့နောက် ကာယသင်္ခါရသည် ဖြစ်၏၊ ထို့နောက့်ဝစီသင်္ခါရသည် ဖြစ်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းကိုအဘယ်မျှသော တွေ့ထိမှု ‘ဖဿ’ တို့သည် တွေ့ထိပါကုန်သနည်း”ဟု ပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်းကို သုညတဖဿ၊ အနိမိတ္တဖဿ၊ အပ္ပဏိဟိတဖဿဟူ၍ သုံးပါးကုန်သော တွေ့ထိခြင်း ‘ဖဿ’ တို့သည် တွေ့ထိကုန်၏။

ကောင်းပါပြီ။ပ။ “အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသော ရဟန်း၏စိတ်သည် အဘယ်သို့ ညွတ်ပါသနည်း၊ အဘယ်သို့ ကိုင်းပါသနည်း၊ အဘယ်သို့ ရှိုင်းပါသနည်း”ဟုပြဿနာကို ထပ်မံမေးလျှောက်ပြန်၏။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်မှ ထသောရဟန်း၏ စိတ်သည် ဆိတ်ငြိမ်ရာ (နိဗ္ဗာန်) သို့ ညွတ်၏၊ ဆိတ်ငြိမ်ရာ (နိဗ္ဗာန်) သို့ ကိုင်း၏၊ ဆိတ်ငြိမ်ရာ (နိဗ္ဗာန်) သို့ ရှိုင်း၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရား ကောင်းပါပြီဟု စိတ္တသူကြွယ်သည် အသျှင်ကာမဘူ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်လျက် အသျှင်ကာမဘူအား ပြဿနာကို ထပ်မံမေးလျှောက်၏။ အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်အား အဘယ်မျှသော တရားတို့သည် များစွာ ကျေးဇူးပြုကုန်သနည်း။ သူကြွယ် အမှန်အားဖြင့် ရှေးဦးစွာ မေးသင့်သော စကားကို ယခုမှ မေးဘိ၏၊ သို့သော်လည်း သင့်အားငါသည် ဖြေဆိုအံ့။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်အား သမထဝိပဿနာဟု ဆိုအပ်သော တရားနှစ်ပါးတို့သည် များစွာ ကျေးဇူးပြုကုန်၏ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။