သံယုတ္တနိကာယ်—၄၁

၅—ပဌမ ကာမဘူသုတ်

၃၄၇။ အခါတစ်ပါး၌ အသျှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ အသျှင်ကာမဘူကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော စိတ္တသူကြွယ်အား အသျှင်ကာမဘူသည်”သူကြွယ် မြတ်စွာဘုရားသည်—

‘အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည်လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီး လျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကိုရှုလော့’ဟု ဤဂါထာကို ဟောတော်မူ၏။

သူကြွယ် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့မှတ်သင့်ပါသနည်း”ဟု မိန့်၏၊ အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရား ဟောအပ်ပါသလော၊ သူကြွယ်ဟောအပ်သည် မှန်၏၊ အသျှင်ဘုရား သို့ဖြစ်လျှင် ထိုစကား၏ အနက်ကို ဆင်ခြင်ရန် တစ်ခဏမျှ ဆိုင်းငံ့ပါလော့၊ ထိုအခါ စိတ္တသူကြွယ်သည် တစ်ခဏမျှ ဆိတ်ဆိတ် နေ၍ အသျှင်ကာမဘူအား ဤစကားကိုလျှောက်၏—

အသျှင်ဘုရား “အပြစ်ကင်းသော အစိတ်အပိုင်း”ဟူသော ဤအမည်သည် သီလတို့၏ အမည်ပါ တည်း။ အသျှင်ဘုရား “ဖြူသော အမိုး”ဟူသော ဤအမည်သည် လွတ်မြောက်ခြင်း အရဟတ္တဖိုလ်၏အမည်ပါတည်း။ အသျှင်ဘုရား “တစ်ခုသော အကန့်”ဟူသော ဤအမည်သည် သတိ၏ အမည်ပါတည်း။ အသျှင်ဘုရား “လည်၏”ဟူသော ဤအမည်သည် ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း၏ အမည်ပါတည်း။ အသျှင်ဘုရား “ရထား”ဟူသော ဤအမည်သည် မိဘတို့၏ သုက်သွေးကို မှီ၍ ဖြစ်သော ထမင်းမုယောမုန့်တို့ဖြင့် ကြီးပွါးရသော မမြဲခြင်း လိမ်းကျံပေးရခြင်း နှိပ်နယ်ပေးရခြင်း ပြိုကွဲပျက်စီးခြင်းသဘောရှိသော မဟာဘုတ်လေးပါးကို မှီသော ဤခန္ဓာကိုယ်၏ အမည်ပါတည်း။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ’သည် ဆင်းရဲတည်း၊ အမျက်ထွက်မှု ‘ဒေါသ’သည် ဆင်းရဲတည်း၊ တွေဝေမှု ‘မောဟ’သည် ဆင်းရဲတည်း။ ထိုဆင်းရဲတို့သည် အာသဝေါကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အားပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “ဆင်းရဲခြင်း မရှိသူ”ဟု ဆိုအပ်၏။

အသျှင်ဘုရား “လာနေသူ “ ဟူသော ဤအမည်သည် ရဟန္တာ၏ အမည်ပါတည်း။ အသျှင်ဘုရား”အယဉ်” ဟူသော ဤအမည်သည် တပ်မက်မှု ‘တဏှာ’၏ အမည်ပါတည်း။ ထိုတပ်မက်မှု ‘တဏှာ’သည်အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ ့နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “အယဉ်ကို ဖြတ်ပြီးသူ”ဟုဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ’သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု ‘ဒေါသ’သည် အနှောင်အဖွဲ့တည်း၊ တွေဝေမှု ‘မောဟ’သည် အနှောင်အဖွဲ့တည်း၊ ထိုအနှောင်အဖွဲ့တို့သည်အာသဝေါကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “အယဉ်ကိုဖြတ်ပြီးသူ”ဟု ဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ’သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု ‘ဒေါသ’သည် အနှောင်အဖွဲ့တည်း၊ တွေဝေမှု ‘မောဟ’သည် အနှောင်အဖွဲ့တည်း။ ထိုအနှောင်အဖွဲ့တို့သည်အာသဝေါကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို “အနှောင်အဖွဲ့မရှိသူ”ဟု ဆိုအပ်၏။ အသျှင်ဘုရား ဤသို့လျှင် မြတ်စွာဘုရားသည်—

“အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည်လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီး လျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကိုရှုလော့” ဟူသော ယင်းစကားကို ဟော တော်မူအပ်ပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကိုအကျယ်အားဖြင့် ဤသို့ သိပါ၏ဟု လျှောက်၏။ သူကြွယ် နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွတကား၊ ကောင်းစွာ ရအပ်ပေစွတကားဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။