သံယုတ္တနိကာယ်—၄၅
၇—ဧသနာဝဂ်
၁ဝ—တဏှာသုတ်
၁၇ဝ။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမ၌တပ်မက်မှု ‘ကာမတဏှာ’၊ ဘဝမပြတ်ဟူသောအယူနှင့် တကွဖြစ်သော တပ်မက်မှု ‘ဘဝတဏှာ’၊ ဘဝပြတ်၏ဟူသောအယူနှင့် တကွဖြစ်သော တပ်မက်မှု ‘ဝိဘဝတဏှာ’ တို့တည်း။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ တို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤတပ်မက်မှု ‘တဏှာ’သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွါးများအပ်၏။
အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
(၁၁)—တသိနာသုတ်
၁၇၁။ ရဟန်းတို့ မွတ်သိပ်မှု ‘တသိနာ’တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမ၌မွတ်သိပ်မှု ‘ကာမတသိနာ’၊ ဘဝမပြတ်ဟူသောအယူနှင့် တကွဖြစ်သော မွတ်သိပ်မှု ‘ဘဝတသိနာ’၊ ဘဝပြတ်၏ဟူသောအယူနှင့် တကွဖြစ်သော မွတ်သိပ်မှု ‘ဝိဘဝတသိနာ’တို့တည်း။ ရဟန်းတို့ မွတ်သိပ်မှု ‘တသိနာ’ တို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤမွတ်သိပ်မှု ‘တသိနာ’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ တပ်မက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင်လဲလျောင်းရာ ရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော (မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကိုပွားများ၏။) ရဟန်းတို့ မွတ် သိပ်မှု ‘တသိနာ’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်း ငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
ခုနစ်ခုမြောက် ဧသနာဝဂ် ပြီး၏။