သံယုတ္တနိကာယ်—၄၅
၈—သြဃဝဂ်
၆—ကာမဂုဏသုတ်
၁၇၇။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့်စပ်ယှဉ်လျက် စွဲမက်ဖွယ်ဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်း ‘ရူပါရုံ’။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်ကုန်သောအသံ ‘သဒ္ဒါရုံ’။ပ။ ဃာနဝိညာဏ်ဖြင့် နံအပ်ကုန်သောအနံ့ ‘ဂန္ဓာရုံ’။ပ။
ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သောအရသာ ‘ရသာရုံ’။ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ယှဉ်လျက် စွဲမက်ဖွယ်ဖြစ်ကုန်သော ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်ကုန်သောအတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’တို့တည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။