သံယုတ္တနိကာယ်—၄၆
၃— ဥဒါယိဝဂ်
၇—တဏှာနိရောဓသုတ်
၂ဝ၈။ ရဟန်းတို့ တဏှာချုပ်ရန် လမ်းစဉ်အကျင့်ကို ပွားများကြကုန်လော့။ ရဟန်းတို့ အဘယ်လမ်းစဉ် အဘယ်အကျင့်သည် တဏှာချုပ်ရန် ဖြစ်သနည်း၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် တဏှာချုပ်ငြိမ်းရန်ဖြစ်ကုန်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ် ကုန်သော် တဏှာချုပ်ငြိမ်းရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။