သံယုတ္တနိကာယ်—၄၆

၃— ဥဒါယိဝဂ်

၈—နိဗ္ဗေဓဘာဂိယသုတ်

၂ဝ၉။ ရဟန်းတို့ ဖောက်ခွဲတတ်သောအဖို့ရှိသော လမ်းစဉ်ကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ဖောက်ခွဲတတ်သောအဖို့ရှိသော လမ်းစဉ်ဟူသည် အဘယ်နည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ဤသို့ ဟောတော်မူသော ် အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဖောက်ခွဲရန် ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ထိုရဟန်းသည်သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ်သော စိတ်ဖြင့် ရှေးက မဖောက်ဖူး မခွဲဖူးသေးသော လောဘအစုကိုဖောက်၏၊ ခွဲ၏။ ရှေးက မဖောက်ဖူး မခွဲဖူးသေးသော ဒေါသအစုကို ဖောက်၏၊ ခွဲ၏။ ရှေးကမဖောက်ဖူး မခွဲဖူးသေးသော မောဟအစုကို ဖောက်၏၊ ခွဲ၏။ပ။

ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှကင်းသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ထိုရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ်သောစိတ်ဖြင့် ရှေးက မဖောက်ဖူး မခွဲဖူးသေးသော လောဘအစုကို ဖောက်၏၊ ခွဲ၏။ ရှေးက မဖောက်ဖူးမခွဲဖူးသေးသော ဒေါသအစုကို ဖောက်၏၊ ခွဲ၏။ ရှေးက မဖောက်ဖူး မခွဲဖူးသေးသော မောဟအစုကိုဖောက်၏၊ ခွဲ၏။

ဥဒါယီ ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဖောက်ခွဲရန့်ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။