သံယုတ္တနိကာယ်—၄၆
၃— ဥဒါယိဝဂ်
၉—ဧကဓမ္မသုတ်
၂၁ဝ။ ရဟန်းတို့ သံယောဇဉ်၏ အာရုံတရားတို့ကို ပယ်ခြင်းငှါ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့မှ တစ်ပါး အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော်သံယောဇဉ်၏ အာရုံတရားတို့ကို ပယ်ခြင်းငှါ ဖြစ်ကုန်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။
ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော်သံယောဇဉ်၏ အာရုံတရားတို့ကို ပယ်ခြင်းငှါ ဖြစ်ကုန်၏။ ရဟန်းတို့ သံယောဇဉ်၏ အာရုံတရားတို့ကားအဘယ်တို့နည်း— ရဟန်းတို့ မျက်စိ ‘စက္ခုပသာဒ’ သည် သံယောဇဉ်၏ အာရုံဖြစ်သော တရားတည်း၊ ဤမျက်စိ ‘စက္ခုပသာဒ’ ၌ ထိုသံယောဇဉ်အနှောင်အဖွဲ့တို့သည် လွှမ်းမိုးသက်ဝင်လျက် ဖြစ်ကြကုန်၏။ပ။ လျှာ ‘ဇိဝှါပသာဒ’ သည် သံယောဇဉ်၏ အာရုံဖြစ်သော တရားတည်း၊ ဤလျှာ ‘ဇိဝှါပသာဒ’ ၌ ထိုသံယောဇဉ်အနှောင်အဖွဲ့တို့သည် လွှမ်းမိုးသက်ဝင်လျက် ဖြစ်ကုန်၏။ပ။ စိတ်သည် သံယောဇဉ်၏ အာရုံဖြစ်သော တရားတည်း၊ ဤစိတ်၌ ထိုသံယောဇဉ်အနှောင်အဖွဲ့တို့သည် လွှမ်းမိုးသက်ဝင်လျက် ဖြစ်ကုန်၏။
ရဟန်းတို့ ဤဆိုခဲ့သော တရားတို့ကို သံယောဇဉ်၏ အာရုံတရားတို့ဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။