သံယုတ္တနိကာယ်—၄၆

၃— ဥဒါယိဝဂ်

၁ဝ—ဥဒါယိသုတ်

၂၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သုမ္ဘတိုင်း သေတကနိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ဥဒါယီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား (တရားတော်သည်) အံ့သြဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) မဖြစ် ဖူးမြဲဖြစ်ပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၌ ချစ်ခြင်း ရိုသေခြင်း ရှက်ခြင်း ကြောက်ခြင်းတရားတို့ သည်အလွန်ကျေးဇူးများပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ရှေးလူဖြစ်စဉ်က တရားတော်၌ များစွာမြတ်နိုးခြင်းကို မပြုခဲ့ပါ၊ သံဃာတော်၌ များစွာ မြတ်နိုးခြင်းကို မပြုခဲ့ပါ၊ အကျွန်ုပ်သည် စင်စစ်အားဖြင့်မြတ်စွာဘုရား၌ ချစ်ခြင်း ရိုသေခြင်း ရှက်ခြင်း ကြောက်ခြင်းကို ကောင်းစွာ တွေ့မြင်ရသည် ဖြစ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ခဲ့ပါ၏၊ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် “ဤကားရုပ်၊ ဤကား ရုပ်၏ ဖြစ်ကြောင်း၊ ဤကား ရုပ်၏ ချုပ်ကြောင်း။ ဤကား ဝေဒနာ။ပ။ ဤကားသညာ။ ဤကား သင်္ခါရ။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်း၊ ဤကား ဝိညာဏ်၏ချုပ် ကြောင်း”ဟု တရားတော်ကို ဟောတော်မူပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် ဤဥပါဒါနက္ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို အပြန်အလှန် သုံးသပ်သည်ရှိသော် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တရားတည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ။ အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော (ဝိပဿနာ) တရားကိုလည်း သိပါပြီ၊ (ဝိပဿနာ) လမ်းစဉ်ကိုလည်း ရပါပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်း ငှါ ဆောင်ပါလိမ့်မည်။

အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော သတိသမ္ဗောဇ္ဈင်ကို ရပါပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါ ဆောင်ပါလိမ့်မည်။ပ။ အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ရပါပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါဆောင်ပါလိမ့်မည်။ အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သောဤ (ဝိပဿနာ) တရားကို လည်း စင်စစ်အားဖြင့် သိပါပြီ၊ (ဝိပဿနာ) လမ်းစဉ်ကိုလည်း ရပါပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါ ဆောင်ပါလိမ့်မည်ဟု (လျှောက်၏)။

ဥဒါယီ ကောင်းပေစွ ကောင်းပေစွ၊ ဥဒါယီ သင်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော (ဝိပဿနာ) လမ်းစဉ်ကို ရပေပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိလတ္တံ့သောအခြင်းအရာ ဖြင့်နေထိုင်သော သင့်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါ ဆောင်ပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဥဒါယိဝဂ် ပြီး၏။