သံယုတ္တနိကာယ်—၅၁
၂—ပါသာဒကမ္ပနဝဂ်
၅—ဥဏ္ဏာဘဗြာဟ္မဏသုတ်
၈၂၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီ ပြည့်ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥဏ္ဏာဘပုဏ္ဏားသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား— “အသျှင်အာနန္ဒာရဟန်း ဂေါတမထံ၌ အဘယ်အကျိုးငှါ အကျင့်မြတ်ကို ကျင့်သုံးပါသနည်း”ဟု မေးလျှောက်၏။ ပုဏ္ဏားဆန္ဒကို ပယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏ဟု (ဆို၏)။
အသျှင်အာနန္ဒာ ထိုဆန္ဒကို ပယ်ရန် လမ်းစဉ်သည် ရှိပါသလော၊ ကျင့်စဉ်သည် ရှိပါသလောဟု (လျှောက်၏)။ ပုဏ္ဏား ထိုဆန္ဒကို ပယ်ရန် လမ်းစဉ်သည် ရှိ၏၊ ကျင့်စဉ်သည် ရှိ၏ဟု (ဆို၏)။ အသျှင်အာနန္ဒာ ထိုဆန္ဒကို ပယ်ရန် လမ်းစဉ်ဟူသည် အဘယ်ပါနည်း၊ ကျင့်စဉ်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သောသမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ပုဏ္ဏား ထိုဆန္ဒကို ပယ်ရန် လမ်းစဉ်သည်ကား ဤသည်ပင်တည်း၊ ကျင့်စဉ်သည်ကား ဤသည်ပင်တည်းဟု (ဆို၏)။
အသျှင်အာနန္ဒာ ဤသို့ ဖြစ်ခဲ့သော် အဆုံးရှိသော (ဗြဟ္မစရိယ) အကျင့် ဖြစ်ပါတော့မည်လော၊ အဆုံးမရှိသော (ဗြဟ္မစရိယ) အကျင့် မဟုတ်ဘဲ ရှိပါတော့မည်လော၊ အလို ‘ဆန္ဒ’ဖြင့်ပင် အလို ‘ဆန္ဒ’ကိုပယ်အံ့ဟူ သောအကြောင်းသည် မရှိနိုင်ပါ။ ပုဏ္ဏား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တစ်ဖန် ပြန်၍မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေဆိုလော့။ ပုဏ္ဏား ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ သင့်အား “အရံသို့ သွားအံ့”ဟူသောအလို ‘ဆန္ဒ’သည် ရှေး၌ ဖြစ်ခဲ့သည်မဟုတ်လော၊ အရံသို့ ရောက် ပြီးသော် ထိုသင့်အား ထိုအားလျော်သောအလို ‘ဆန္ဒ’ ငြိမ်းသည်မဟုတ်လောဟု (ဆို၏)။ အသျှင် ငြိမ်းပါ ၏ဟု (လျှောက်၏)။ သင့်အား “အရံသို့ သွားအံ့”ဟုအားထုတ်မှု ‘ဝီရိယ’သည် ရှေး၌ ဖြစ်ခဲ့သည် မဟုတ် လော၊ အရံသို့ ရောက်ပြီးသော် ထိုသင့်အားထိုအားလျော်သောအားထုတ်မှု ‘ဝီရိယ’ ငြိမ်းသည် မဟုတ် လောဟု (ဆို၏)။ အသျှင် ငြိမ်းပါ၏ဟု (လျှောက်၏)။ သင့်အား “အရံသို့ သွားအံ့”ဟု စိတ်သည် ရှေး၌ ဖြစ်ခဲ့သည် မဟုတ်လော၊ အရံသို့ရောက်ပြီးသော် ထိုသင့်အား ထိုအားလျော်သော စိတ် ငြိမ်းသည် မဟုတ်လောဟု (ဆို၏)။ အသျှင်ငြိမ်းပါ၏ဟု (လျှောက်၏)။ သင့်အား “အရံသို့ သွားအံ့”ဟု ပညာသည် ရှေး၌ ဖြစ်ခဲ့သည် မဟုတ်လော၊ အရံသို့ ရောက်ပြီးသော် ထိုသင့်အား ထိုအားလျော်သော ပညာ ငြိမ်း သည် မဟုတ်လောဟု (ဆို၏)။
အသျှင် ငြိမ်းပါ၏ဟု (လျှောက်၏)။
ပုဏ္ဏား ဤအတူပင် ပူဇော်အထူးကို ခံထိုက်သောအာသဝကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီး သောမဂ်ကိစ္စကို ပြုပြီးသော ဝန်ကို ချထားပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးသောဘဝသံယောဇဉ်ကုန်ပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန်းအား အရဟတ္တဖိုလ်သို့ရောက်ရန်အကျိုးငှါ ရှေး၌ အလို ‘ဆန္ဒ’သည် ဖြစ်၏၊ အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ထိုဖြစ်သောအလို ‘ဆန္ဒ’ ငြိမ်း၏။ အရဟတ္တဖိုလ်သို့ ရောက်ရန် အကျိုးငှါ ရှေး၌ အားထုတ်မှု ‘ဝီရိယ’သည် ဖြစ်၏၊ အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ထိုဖြစ်သောအားထုတ်မှု ‘ဝီရိယ’ ငြိမ်း၏။ အရဟတ္တဖိုလ်သို့ ရောက်ရန်အကျိုးငှါ ရှေး၌ စိတ်သည် ဖြစ်၏၊ အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ထိုဖြစ်သော စိတ် ငြိမ်း၏။ အရဟတ္တဖိုလ်သို့ ရောက်ရန်အကျိုးငှါ ရှေး၌ ပညာသည် ဖြစ်၏၊ အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော်ထိုဖြစ်သော ပညာသည် ငြိမ်း၏။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် အဆုံးရှိသော (ဗြဟ္မစရိယ) အကျင့် ဖြစ်ပါ၏လော၊ အဆုံးမရှိသော (ဗြဟ္မစရိယ) အကျင့် မဟုတ်ဘဲရှိပါ၏လောဟု မေးတော်မူ၏။
အသျှင်အာနန္ဒာ ဤသို့ ဖြစ်သည်ရှိသော် မချွတ်ပင် အဆုံးရှိသော (ဗြဟ္မစရိယ) အကျင့် ဖြစ်ပါတော့၏၊ အဆုံးမရှိသော (ဗြဟ္မစရိယ) အကျင့် မဟုတ်နိုင်တော့ပါ။ အသျှင်အာနန္ဒာ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်အာနန္ဒာ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ အသျှင်အာနန္ဒာမှောက်ထားသောအိုးကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်အာနန္ဒာသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ အသျှင်အာနန္ဒာ အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်အာနန္ဒာသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါဟု (လျှောက်၏)။
ပဉ္စမသုတ်။