သံယုတ္တနိကာယ်—၅၁

၂—ပါသာဒကမ္ပနဝဂ်

၄—မောဂ္ဂလ္လာနသုတ်

၈၂၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ ဆောက်လုပ်အပ်သော ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် စိတ်ပျံ့လွင့်ကုန် အချည်းနှီး ထောင်လွှားကုန် လျှပ်ပေါ်ကုန်နှုတ်ကြမ်းကုန် ပြန့်ကြဲသော စကားရှိကုန် သတိလွတ်ကုန် ဆင်ခြင်ဉာဏ်မရှိကုန် မတည်ကြည်ကုန်စိတ်တုန်လှုပ်ကုန်သည် ဖြစ်၍ ဣန္ဒြေကို မစောင့်စည်းကုန်ဘဲ မိဂါရမာတာဝိသာခါ ဆောက်လုပ်သောပြာသာဒ်အောက်၌ နေကုန် ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်မဟာမောဂ္ဂလာန်အား— “မောဂ္ဂလာန် ဤသီတင်းသုံးဖော်တို့ သည်စိတ်ပျံ့လွင့်ကုန် အချည်းနှီး ထောင်လွှားကုန် လျှပ်ပေါ်ကုန် နှုတ်ကြမ်းကုန် ပြန့်ကြဲသော စကားရှိ ကုန်သတိလွတ်ကုန် ဆင်ခြင်ဉာဏ်မရှိကုန် မတည်ကြည်ကုန် စိတ်တုန်လှုပ်ကုန်သည် ဖြစ်၍ ဣန္ဒြေကိုမစောင့်စည်းကုန်ဘဲ မိဂါရမာတာဝိသာခါ ဆောက်လုပ်သော ပြာသာဒ်အောက်၌ နေကုန်၏၊ ထိုရဟန်းတို့ကို ထိတ်လန့်စေလော့”ဟု မိန့်တော်မူ၏။

အသျှင်မဟာမောဂ္ဂလာန်သည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရားအား ဝန်ခံ၍ ခြေမဖြင့်မိဂါရမာတာဝိသာခါ ဆောက်လုပ်သော ပြာသာဒ်ကို အထက်မှ အောက်သို့ လှုပ်စေနိုင်သော အောက်မှအထက်သို့ လှုပ်စေနိုင်သော ဘေးတိုက် လှုပ်စေနိုင်သောအဘိညာဉ်တန်ခိုးကို ဖန်ဆင်းလေ၏။ ထိုအခါထိုရဟန်းတို့သည် ထိတ်လန့်ကုန် ကြက်သီးမွေးညင်း ထကုန်သည် ဖြစ်၍ တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏။ အသျှင်တို့ အံ့ဖွယ်ရှိစွတကား၊ အသျှင်တို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ လေလည်း မတိုက်၊ ဤမိဂါရမာတာဝိသာခါ ဆောက်လုပ်သော ပြာသာဒ်သည်လည်း နက်သော တွင်းရှိ၏၊ ကောင်းစွာ စိုက်ထူထား၏၊ မလှုပ်ရှားနိုင်၊ မတုန်လှုပ်နိုင်၊ သို့ဖြစ်ပါလျက်လည်း အထက်မှ အောက်သို့ လှုပ်၏၊ အောက်မှ အထက်သို့လှုပ်၏၊ ဘေးတိုက် လှုပ်၏ဟု ပြောဆိုကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ထံသို့ ချဉ်းကပ်တော်မူ၍ ထိုရဟန်းတို့အား “ရဟန်းတို့သင်တို့သည် အဘယ်ကြောင့် ထိတ်လန့်ကုန်သည်၊ ကြက်သီးမွေးညင်း ထကုန်သည် ဖြစ်၍ တစ်ခုသောနေရာ၌ ရပ်တည် ကုန်သနည်း”ဟု ဤစကားကို မိန့်တော်မူ၏။ အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ လေလည်း မတိုက်၊ ဤမိဂါရမာတာဝိသာခါ ဆောက်လုပ်သော ပြာသာဒ်သည်လည်း နက်သော တွင်းရှိ၏၊ ကောင်းစွာ စိုက်ထူထား၏၊ မလှုပ်ရှားနိုင်ပါ၊ မတုန်လှုပ်နိုင်ပါ၊ ့သို့ဖြစ်ပါ လျက်လည်း အထက်မှ အောက်သို့ လှုပ်ပါ၏၊ အောက်မှ အထက်သို့ လှုပ်ပါ၏၊ ဘေးတိုက်လှုပ်ပါ၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ မောဂ္ဂလာန်မည်သော ရဟန်းသည် သင်တို့ကို ထိတ်လန့်စေလိုသောကြောင့် ခြေမဖြင့်မိဂါရမာတာဝိသာခါ ဆောက်လုပ်သော ပြာသာဒ်ကို အထက်မှ အောက်သို့ လှုပ်စေ၏၊ အောက်မှ အထက်သို့ လှုပ်စေ၏၊ ဘေးတိုက် လှုပ်စေ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အဘယ် တရားတို့ကို ပွားများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မောဂ္ဂလာန်မည်သောရဟန်းသည် ဤသို့ တန်ခိုးကြီးသနည်း၊ ဤသို့ အာနုဘော်ကြီးသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားတပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ကိုးကွယ်ရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဤဟောအပ်သော တရားတော်၏ အနက်ကို မြတ်စွာဘုရား၏ဉာဏ်၌သာလျှင် ထင်ပါစေလော့၊ မြတ်စွာဘုရား၏ အထံတော် မှ ကြားနာရသည်ရှိသော် ရဟန်းတို့သည်ဆောင်ထားရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မောဂ္ဂလာန်မည်သော ရဟန်းသည် ဤသို့ တန်ခိုးကြီး၏၊ ဤသို့ အာနုဘော်ကြီး၏။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ မောဂ္ဂလာန်မည်သော ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကိုမှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ဤသို့ ပွါးများသည်ရှိသော် ငါ၏ ပညာသည်အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေ့အဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေ့အဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း၊ ရှေ့အဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေ၏၊ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသောစိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။ ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မောဂ္ဂလာန်မည်သော ရဟန်းသည် ဤသို့ တန်ခိုးကြီး၏၊ ဤသို့ အာနုဘော်ကြီး၏။

ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မောဂ္ဂလာန်မည်သော ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏။ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏။ပ။

ဗြဟ္မာ့ပြည်တိုင်အောင် လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။

ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မောဂ္ဂလာန်မည်သော ရဟန်းသည် အာသဝကုန်ခြင်းကြောင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။