သံယုတ္တနိကာယ်—၅၁
၃—အယောဂုဠဝဂ်
၃—ဘိက္ခုသုတ်
၈၃၅။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အလို ‘ဆန္ဒ’ ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့ပင်တည်း။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်သဖြင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ရောက်၍ နေရ၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။