သံယုတ္တနိကာယ်—၅၁

၃—အယောဂုဠဝဂ်

၂—အယောဂုဠသုတ်

၈၃၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား မြတ်စွာဘုရားသည် စိတ်ဖြင့် ပြီးသော နာမကာယဖြင့် ဗြဟ္မာ့ပြည်သို့တန်ခိုးတော်ဖြင့် ချဉ်းကပ်တော်မူဖူးသည်ကို အမှတ်ရတော်မူပါ၏လော”ဟု (လျှောက်၏)။ အာနန္ဒာစိတ်ဖြင့် ပြီးသော နာမ ကာယဖြင့် ဗြဟ္မာ့ပြည်သို့ တန်ခိုးတော်ဖြင့် ချဉ်းကပ်ဖူးသည်ကို ငါ အမှတ်ရ၏ဟု (မိန့်တော်မူ၏)။ အသျှင် ဘုရား မြတ်စွာဘုရားသည် ဤမဟာဘုတ်လေးပါးဖြင့် ပြီးသော ရူပကာယဖြင့်ဗြဟ္မာ့ပြည်သို့ တန်ခိုးတော် ဖြင့် ချဉ်းကပ်တော်မူဖူးသည်ကို အမှတ်ရပါ၏လော”ဟု (လျှောက်၏)။

အာနန္ဒာ မဟာဘုတ်လေးပါးဖြင့် ပြီးသော ရူပကာယဖြင့် ဗြဟ္မာ့ပြည်သို့ တန်ခိုးတော်ဖြင့်ချဉ်းကပ်ဖူးသည်ကို ငါ အမှတ်ရ၏ဟု (မိန့်တော် မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား၏ စိတ်ဖြင့် ပြီးသော နာမကာယဖြင့် ဗြဟ္မာ့ပြည်သို့ တန်ခိုးတော်ဖြင့် ချဉ်းကပ်ရန် စွမ်းနိုင်ခြင်းသည်လည်းကောင်း၊ ဤမဟာဘုတ်လေးပါးဖြင့် ပြီးသော ရူပကာယဖြင့် ဗြဟ္မာ့ပြည်သို့ တန်ခိုးတော်ဖြင့် ချဉ်းကပ်တော်မူဖူးသည်ကို အမှတ်ရခြင်းသည်လည်းကောင်း အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွဟု လျှောက်၏။ အာနန္ဒာ မြတ်စွာဘုရားတို့သည် အံ့ဖွယ်လည်း ရှိကုန်၏၊ အံ့ဖွယ်တရားနှင့်လည်း ပြည့်စုံကုန်၏။ အာနန္ဒာ မြတ်စွာဘုရားတို့သည် မဖြစ်ဖူးမြဲလည်း ဖြစ်ကုန်၏၊ မဖြစ်ဖူးမြဲဖြစ်သော တရားတို့နှင့်လည်း ပြည့်စုံကုန်၏။

အာနန္ဒာ အကြင်အခါ၌ မြတ်စွာဘုရားသည် ကိုယ်ကိုလည်း စိတ်၌ တင်ထား၏၊ စိတ်ကိုလည်း ကိုယ်၌တင်ထား၏။ ချမ်းသာသောအမှတ်သညာကိုလည်းကောင်း၊ ပေါ့ပါးသောအမှတ်သညာကိုလည်းကောင်း ကိုယ်၌ သက်ဝင်စေ၍ နေ၏။ အာနန္ဒာ ထိုအခါ ငါဘုရား၏ ကိုယ်တော်သည် ပို၍လည်း ပေါ့ပါး၏၊ ပို၍လည်း နူးညံ့၏၊ ပို၍လည်း အမှု၌ ခံ့၏၊ ပို၍လည်း ပြိုးပြိုးပြက် တောက်ပ၏။

အာနန္ဒာ ဥပမာသော်ကား တစ်နေ့လုံး ပူစေအပ်သော သံတွေခဲသည် ပို၍လည်း ပေါ့ပါး၏၊ ပို၍ လည်းနူးညံ့၏၊ ပို၍လည်း အမှု၌ ခံ့၏၊ ပို၍လည်း ပြိုးပြိုးပြက် တောက်ပ၏။ အာနန္ဒာ ဤအတူပင်အကြင်အခါ၌ မြတ်စွာဘုရားသည် ကိုယ်ကိုလည်း စိတ်၌ တင်ထား၏၊ စိတ်ကိုလည်း ကိုယ်၌ တင်ထား၏။ ချမ်းသာသောအမှတ်သညာကိုလည်းကောင်း၊ ပေါ့ပါးသောအမှတ်သညာကိုလည်းကောင်း ကိုယ်၌ သက်ဝင်စေ၍ နေ၏။ အာနန္ဒာ ထိုအခါ၌ မြတ်စွာဘုရား၏ ကိုယ်တော်သည် ပို၍လည်း ပေါ့ပါး၏၊ ပို၍လည်းနူးညံ့၏၊ ပို၍လည်း အမှု၌ ခံ့၏၊ ပို၍လည်း ပြိုးပြိုးပြက် တောက်ပ၏။

အာနန္ဒာ အကြင်အခါ၌ မြတ်စွာဘုရားသည် ကိုယ်ကိုလည်း စိတ်၌ တင်ထား၏၊ စိတ်ကိုလည်း ကိုယ်၌တင်ထား၏။ ချမ်းသာသောအမှတ်သညာကိုလည်းကောင်း၊ ပေါ့ပါးသောအမှတ်သညာကိုလည်းကောင်း ကိုယ်၌ သက်ဝင်စေ၍ နေ၏။ အာနန္ဒာ ထိုအခါ၌ မြတ်စွာဘုရား၏ ကိုယ်သည် မပင်ပန်းဘဲသာလျှင်မြေမှ ကောင်းကင်သို့ တက်နိုင်၏၊ ထိုမြတ်စွာဘုရားသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ ထိုမြတ်စွာဘုရားသည် တစ်ပါးတည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်၏၊ အများဖြစ်လျက်လည်း တစ်ပါးတည်း ဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်တော်ကိုမိမိအလိုအတိုင်း ဖြစ်စေနိုင်၏။

အာနန္ဒာ ပေါ့ပါးသော လဲမှို့စိုင်သည်လည်းကောင်း၊ ဝါဂွမ်းစိုင်သည်လည်းကောင်း လေဆောင်ယူအပ်သည်ရှိသော် အလွယ်တကူသာလျှင် မြေမှ ကောင်းကင်သို့ တက်သကဲ့သို့ အာနန္ဒာ ဤအတူပင် အကြင်အခါ၌ မြတ်စွာဘုရားသည် ကိုယ်ကိုလည်း စိတ်၌ တင်ထား၏၊ စိတ်ကိုလည်း ကိုယ်၌ တင်ထား၏။ ချမ်းသာသောအမှတ်သညာကိုလည်းကောင်း၊ ပေါ့ပါးသောအမှတ်သညာကိုလည်းကောင်း ကိုယ်၌သက်ဝင်စေ ၍ နေ၏။ အာနန္ဒာ ထိုအခါ၌ မြတ်စွာဘုရား၏ ကိုယ်တော်သည် မပင်ပန်းဘဲသာလျှင် မြေမှ ကောင်းကင်သို့ တက်နိုင်၏။ ထိုမြတ်စွာဘုရားသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ ထိုမြတ်စွာဘုရား သည် တစ်ပါးတည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်၏၊ အများ ဖြစ်လျက်လည်းတစ်ပါးတည်း ဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်တော်ကို စိတ်အလိုအတိုင်းဖြစ်စေနိုင်၏ဟု (မိန့်တော် မူ၏)။

ဒုတိယသုတ်။