သံယုတ္တနိကာယ်—၅၄
၂—ဒုတိယဝဂ်
၁—ဣစ္ဆာနင်္ဂလသုတ်
၉၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလရွာ ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို— “ရဟန်းတို့ ငါသည် သုံးလပတ်လုံး (တစ်ပါးတည်း) ကိန်းအောင်း နေလို၏၊ ဆွမ်းပို့မည့် ရဟန်းမှ တစ်ပါး ငါ၏ ထံသို့ မည်သူမျှ မချဉ်းကပ်ရ”ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့သည် “ကောင်းပါပြီ အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ဆွမ်းပို့သော ရဟန်းမှ တစ်ပါး မည်သူမျှ မချဉ်းကပ်ကုန်။
ထို့နောက် မြတ်စွာဘုရားသည် ထိုသုံးလလွန်သဖြင့် (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့က “ငါ့သျှင်တို့ ရဟန်းဂေါတမသည် မိုးလပတ်လုံး အဘယ်နေခြင်းမျိုးဖြင့် အနေများသနည်း”ဟု အကယ်၍ မေးကုန်ငြားအံ့၊ ရဟန်းတို့ ဤသို့ အမေးခံရကုန်သော သင်တို့သည် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့အား”ငါ့သျှင်တို့ မြတ်စွာဘုရားသည် မိုးလပတ်လုံး အာနာပါနဿတိသမာဓိဖြင့် အနေများ၏”ဟု ဖြေကုန်ရာ၏။ ရဟန်းတို့ ဤသာသနာတော်၌ ငါသည် သတိရှိလျက် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်ဝင်သက်လေကို ရှူ၏။ ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း “ရှည်ရှည်ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း “ရှည်ရှည်ဝင်သက်လေကို ရှူ၏”ဟု သိ၏၊ တိုတိုထွက်သက်လေကို ထုတ်လျှင်လည်း “တိုတိုထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ တိုတိုဝင်သက်လေကို ရှူလျှင်လည်း “တိုတိုဝင်သက်လေကို ရှူ၏”ဟု သိ၏၊ “အစအလယ်အဆုံး အလုံးစုံသော ထွက်သက်လေအပေါင်းကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက်လေကို ထုတ်အံ့”ဟု သိ၏။ပ။ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟု သိ၏၊ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ဝင်သက်လေကို ရှူအံ့”ဟု သိ၏။
ရဟန်းတို့ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။ ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။ ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ဖြစ်ကုန်သောအရဟတ္တဖိုလ်သို့ မရောက်သေးကုန်သောအတုမရှိသောယောဂ ၏ ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တ၍ နေကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အာသဝကုန်ခြင်းငှါ ဖြစ်၏။ ရဟန်းတို့ပူဇော်အထူးကို ခံထိုက် ကုန်သောအာသဝကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သောမဂ်ကိစ္စကို ပြုပြီးကုန်သော ခန္ဓာဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သောဘဝသံယောဇဉ် ကုန်ပြီး ကုန်သော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးကုန်သော ရဟန်းတို့အားအာနာပါနဿတိသမာဓိကို ပွါးများ အပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌့ချမ်းသာစွာ နေခြင်းငှါလည်းကောင်း၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့်ပြည့်စုံခြင်းငှါလည်းကောင်း ဖြစ်၏။
ရဟန်းတို့ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။ ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။