သံယုတ္တနိကာယ်—၅၆
၁—သမာဓိဝဂ်
၁ဝ—တိရစ္ဆာနကထာသုတ်
၁ဝ၈ဝ။ ရဟန်းတို့ များပြားသော ဖီလာစကားကို မပြောကုန်ရာ။ ဤသည်ကား အဘယ်နည်း —
(၁) မင်းနှင့် စပ်သောစကား (၁၄) ယာဉ်နှင့် စပ်သောစကား
(၂) ခိုးသူနှင့် စပ်သောစကား (၁၅) ရွာနှင့် စပ်သောစကား
(၃) အမတ်ကြီးနှင့် စပ်သောစကား (၁၆) နိဂုံးနှင့် စပ်သောစကား
(၄) စစ်သည်နှင့် စပ်သောစကား (၁၇) မြို့နှင့် စပ်သောစကား
(၅) ကြောက်မက်ဖွယ်နှင့် စပ်သောစကား (၁၈) နယ်နှင့် စပ်သောစကား
(၆) စစ်ထိုးခြင်းနှင့် စပ်သောစကား (၁၉) မိန်းမနှင့် စပ်သောစကား
(၇) စားဖွယ်နှင့် စပ်သောစကား (၂ဝ) သူရဲကောင်းနှင့် စပ်သောစကား
(၈) သောက်ဖွယ်နှင့် စပ်သောစကား (၂၁) လမ်းနှင့် စပ်သောစကား
(၉) အဝတ်နှင့် စပ်သောစကား (၂၂) ရေခပ်ဆိပ်နှင့် စပ်သောစကား
(၁ဝ) အိပ်ရာနှင့် စပ်သောစကား (၂၃) သေလွန်သူနှင့် စပ်သောစကား
(၁၁) ပန်းနှင့် စပ်သောစကား (၂၄) အထွေထွေနှင့် စပ်သောစကား
(၁၂) နံ့သာနှင့် စပ်သောစကား (၂၅) လောက (အကြောင်း) နှင့် စပ်သောစကား
(၁၃) ဆွေမျိုးနှင့် စပ်သောစကား (၂၆) သမုဒ္ဒရာ (အကြောင်း) နှင့် စပ်သောစကား
(၂၇) ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားတို့တည်း။
ထိုသို့ မပြောသင့်ခြင်းသည် အဘယ့်ကြောင့်နည်း —
ရဟန်းတို့ ဤစကားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှထွက်မြောက်ရန် မဖြစ်။
ရဟန်းတို့ သင်တို့ ပြောဆိုလိုကုန်သည်ရှိသော် “ဤကား ဆင်းရဲတည်း”ဟု ပြောဆိုကုန်ရာ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု ပြောဆိုကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု ပြောဆိုကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု ပြောဆိုကုန်ရာ၏။ ထိုသို့ ပြောဆိုသင့်ခြင်းသည် အဘယ့်ကြောင့်နည်း၊
ရဟန်းတို့ ဤစကားသည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစဖြစ်၏၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှထွက်မြောက်ရန် ဖြစ်၏။
ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။ “ဤကား ဆင်းရဲ့ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော သမာဓိဝဂ် ပြီး၏။