သံယုတ္တနိကာယ်—၅၆
၁—သမာဓိဝဂ်
၉—ဝိဂ္ဂါဟိကကထာသုတ်
၁ဝ၇၉။ ရဟန်းတို့ “သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည်ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း။ သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ရှိသူ ဖြစ်၏။ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်။ သင်သည် ရှေးဦး ဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦး ဆို၏။ သင်၏ ကြာမြင့်စွာ လေ့လာထားသောစကားသည် (သင့်ထံသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသောအပြစ်ကို ငါ တင်ပြပြီးပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါ တင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့”ဟု အချင်းချင်း အငြင်းစကားကို မပြောဆိုကုန်ရာ။ ထိုသို့ မပြောဆိုသင့်ခြင်းသည် အဘယ်ကြောင့်နည်း၊
ရဟန်းတို့ ဤစကားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှထွက်မြောက်ရန် မဖြစ်။
ရဟန်းတို့ သင်တို့သည် ပြောဆိုလိုကုန်သည်ရှိသော် “ဤကား ဆင်းရဲတည်း”ဟု ပြောဆိုကုန် ရာ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု ပြောဆိုကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု ပြောဆိုကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုပြော ဆိုကုန်ရာ၏။ပ။ သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။