သံယုတ္တနိကာယ်—၅၆
၁၁—ပဉ္စ ဂတိပေယျာလဝဂ်
၁—မနုဿစုတိ နိရယသုတ်
၁၁၇၂။ ထိုအခါ မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍”ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါ တင်ထားသော မြေမှုန့်နှင့် ဤ (ကမ္ဘာ) မြေကြီးသည် အဘယ်က ပို၍ များသနည်း”ဟု ရဟန်းတို့ကို မိန့်တော်မူ၏။ အသျှင်ဘုရား ဤ (ကမ္ဘာ) မြေကြီးကသာ ပို၍ များပါ၏၊ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်သည် အနည်းငယ်မျှသာတည်း။ (ကမ္ဘာ) မြေကြီးကို ထောက်ဆ၍ လက်သည်းဖျားပေါ်၌မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်သည် မရေတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု (လျှောက်ကုန်၏)။
ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကြသော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။
ပဌမသုတ်။