သံယုတ္တနိကာယ်—၅၆

၁ဝ—စတုတ္ထ အာမကဓညပေယျာလဝဂ်

၆—၁၁—ဆေဒနာဒိသုတ်

၁၁၆၆—၁၁၇၁။ ရဟန်းတို့ ဤအတူပင် (လက်ခြေစသည်ကို) ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဒမြတိုက်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဒမြတိုက်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ— ရဟန်းတို့ အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့ကို မမြင်ခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်း၊ ဆင်းရဲဟူသောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟူသောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

ဆယ်ခုမြောက် စတုတ္ထ အာမကဓညပေယျာလဝဂ် ပြီး၏။