သံယုတ္တနိကာယ်—၅၆

၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်

၄—အဇ္ဈတ္တိကာယတနသုတ်

၁ဝ၈၄။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း —

(၁) ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား၊

(၂) ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရား၊

(၃) ဆင်းရဲချုပ်ရာ ဖြစ်သောအရိယာတို့၏ အမှန်တရား၊

(၄) ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားဟူသည် အဘယ်နည်း။ “အဇ္ဈတ္တသန္တာန်၌ဖြစ်သော (အာယတန) ခြောက်ပါးတို့တည်း”ဟု ပြောဆိုရာ၏။ အဘယ်ခြောက်ပါးတို့နည်း၊ စက္ခာယတန။ပ။ မနာယတနတို့တည်း။ ရဟန်းတို့ ဤတရားကို ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားဟု ဆိုအပ်၏။

ရဟန်းတို့ ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရားဟူသည် အဘယ်နည်း။ ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွဖြစ်သော ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်သော တပ်မက်မှု ‘တဏှာ’ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ ကာမတို့၌ တပ်မက်မှု ‘ကာမတဏှာ’၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော ‘ဝိဘဝတဏှာ’ တို့တည်း။ ရဟန်းတို့ ဤတရားကို ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရားဟု ဆိုအပ်၏။

ရဟန်းတို့ ဆင်းရဲချုပ်ရာ ဖြစ်သောအရိယာတို့၏ အမှန်တရားဟူသည် အဘယ်နည်း။ ထိုတပ်မက်မှု ‘တဏှာ’ ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက်ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန်စွန့်ပယ်ရာလွတ်မြောက်ရာ မကပ်ငြိရာဖြစ်သော နိဗ္ဗာန်ပင်တည်း။ ရဟန်းတို့ ဤတရားကို ဆင်းရဲချုပ်ရာ ဖြစ်သောအရိယာတို့၏ အမှန်တရားဟု ဆိုအပ်၏။

ရဟန်းတို့ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားဟူသည် အဘယ်နည်း။ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ရဟန်းတို့ ဤတရားကိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားဟု ဆိုအပ်၏။

ရဟန်းတို့ အရိယာတို့၏ အမှန်တရားတို့သည် ဤလေးပါးတို့ပင်တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။