သံယုတ္တနိကာယ်—၅၆
၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်
၅—ပဌမ ဓာရဏသုတ်
၁ဝ၈၅။ ရဟန်းတို့ “ငါ ဟောကြားအပ်သောအရိယာတို့၏ အမှန်တရားလေးပါးတို့ကို သင်တို့ဆောင်ထားကြကုန်၏လော”ဟု ဤသို့ မိန့်တော်မူလတ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား”အသျှင်ဘုရား မြတ်စွာဘုရား ဟောကြားတော်မူအပ်သောအရိယာတို့၏ အမှန်တရားလေးပါးတို့ကိုအကျွန်ုပ် ဆောင်ထားပါ၏”ဟု (လျှောက်ထား၏)။ ရဟန်း “ငါ ဟောကြားအပ်သောအရိယာတို့၏အမှန် တရားလေးပါးတို့ကို အဘယ်သို့လျှင် သင် ဆောင်ထားသနည်း”ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရား ပဌမ ဟောတော်မူအပ်သော ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို အကျွန်ုပ် ဆောင်ထားပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား ဒုတိယ ဟောတော်မူအပ်သောဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကို အကျွန်ုပ် ဆောင်ထားပါ၏။ အသျှင်ဘုရားမြတ်စွာဘုရား တတိယ ဟောတော်မူအပ်သော ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရားကို အကျွန်ုပ် ဆောင်ထားပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား စတုတ္ထ ဟောတော်မူအပ်သောဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကို အကျွန်ုပ်ဆောင်ထားပါ၏။
အသျှင်ဘုရား “မြတ်စွာဘုရား ဟောကြားတော်မူအပ်သောအရိယာတို့၏ အမှန်တရားလေးပါး တို့ကိုဤသို့ အကျွန်ုပ် ဆောင်ထားပါ၏”ဟု လျှောက်၏။
ရဟန်း ကောင်းပေစွ၊ ကောင်းပေစွ၊ ရဟန်း ငါ ဟောကြားအပ်ကုန်သောအရိယာတို့၏ အမှန်တရားလေးပါးတို့ကို ကောင်းစွာပင် သင် ဆောင်ထားပေ၏။ ရဟန်း ပဌမ ငါ ဟောကြားအပ်သောဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို ထိုအတိုင်းပင် သင် ဆောင်ထားလော့။ ရဟန်း ဒုတိယငါ ဟောကြားအပ်သော ဆင်းရဲကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကို ထိုအတိုင်းပင် သင်ဆောင် ထားလော့။ ရဟန်း တတိယ ငါ ဟောကြားအပ်သော ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရားကို ထိုအတိုင်းပင် သင် ဆောင်ထားလော့။ ရဟန်း စတုတ္ထ ငါဟောကြားအပ်သော ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏အမှန်တရားကို ထိုအတိုင်းပင် သင် ဆောင်ထားလော့။ ရဟန်း “ငါ ဟောကြားအပ်ကုန်သောအရိယာတို့၏ အမှန်တရားလေးပါးတို့ကို ဤသို့ ပင် သင် ဆောင်ထားလော့”ဟု (မိန့်တော်မူ၏)။
ရဟန်း ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။