သံယုတ္တနိကာယ်—၅၆

၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်

၆—ဒုတိယ ဓာရဏသုတ်

၁ဝ၈၆။ ရဟန်းတို့ “ငါ ဟောကြားအပ်ကုန်သောအရိယာတို့၏ အမှန်တရား လေးပါးတို့ကို သင်တို့ဆောင်ထားကြကုန်၏လော”ဟု ဤသို့ မိန့်တော်မူလတ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရား အား”အသျှင်ဘုရား မြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်သောအရိယာတို့၏ အမှန်တရား လေးပါးတို့ကို အကျွန်ုပ် ဆောင်ထားပါ၏”ဟု (လျှောက်ထား၏)။ ရဟန်း “ငါ ဟောကြားအပ်ကုန်သောအရိယာ တို့၏ အမှန်တရား လေးပါးတို့ကို အဘယ်သို့လျှင် သင် ဆောင်ထားသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား ပဌမ ဟောတော်မူအပ်သော ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို အကျွန်ုပ် ဆောင်ထားပါ၏။ အသျှင်ဘုရား “ရဟန်းဂေါတမ ဟောကြားအပ်သော ဆင်းရဲဖြစ်သော ပဌမ အရိယသစ္စာတရားသည် မဟုတ်မမှန်သေး၊ ငါသည် ဆင်းရဲဖြစ်သော ပဌမ အရိယသစ္စာတရားကို ပယ်စွန့်၍ အခြားသော ဒုက္ခဖြစ်သော ပဌမ အရိယသစ္စာတရားကို ပညတ်အံ့”ဟု တစ်ဦးဦးသော သမဏကဖြစ်စေ၊ ဗြာဟ္မဏကဖြစ်စေ ပြောဆိုရာသောအကြောင်း မရှိပါ။ အသျှင်ဘုရား မြတ်စွာဘုရား ဒုတိယ ဟောတော်မူအပ်သော ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သောအရိယသစ္စာတရားကို အကျွန်ုပ်ဆောင်ထားပါ၏။ပ။ အသျှင်ဘုရား မြတ်စွာဘုရား စတုတ္ထ ဟောတော်မူအပ်သော ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာတရားကို အကျွန်ုပ် ဆောင်ထားပါ၏။ အသျှင်ဘုရား”ရဟန်းဂေါတမ ဟောကြားအပ်သော ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သော စတုတ္ထအရိယသစ္စာတရားသည် မဟုတ်မမှန်သေး၊ ငါသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ဖြစ်သော စတုတ္ထ အရိယသစ္စာတရားကို ပယ်စွန့်၍ အခြားသော ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သော စတုတ္ထ အရိယသစ္စာတရားကို ပညတ်အံ့”ဟု တစ်ဦးဦးသော သမဏကဖြစ်စေ၊ ဗြာဟ္မဏကဖြစ်စေ ပြောဆိုရာသောအကြောင်း မရှိပါ။

အသျှင်ဘုရား “မြတ်စွာဘုရား ဟောကြားအပ်ကုန်သောအရိယာတို့၏ အမှန်တရား လေးပါးတို့ကိုဤသို့လျှင် အကျွန်ုပ် ဆောင်ထားပါ၏”ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ၊ ကောင်းပေစွ၊ ရဟန်း ငါ ဟောကြားအပ်ကုန်သောအရိယာသစ္စာ လေးပါးတို့ကို ကောင်းစွာပင် သင် ဆောင်ထားပေ၏။ ရဟန်း ပဌမ ငါ ဟောကြားအပ်သော ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို ထိုအတိုင်းပင် သင် ဆောင်ထားလော့၊ ရဟန်း “ရဟန်းဂေါတမဟောကြား သော ဆင်းရဲဖြစ်သော ပဌမ အရိယသစ္စာတရားသည် မဟုတ်မမှန်သေး၊ ငါသည် ထိုဆင်းရဲဟုဆိုအပ်သော ပဌမ ဒုက္ခအရိယသစ္စာတရားကို ပယ်စွန့်၍ အခြားသော ဆင်းရဲဖြစ်သော ပဌမဒုက္ခအရိယသစ္စာတရားကို ပညတ်အံ့”ဟု တစ်ဦးဦးသော သမဏကဖြစ်စေ၊ ဗြာဟ္မဏကဖြစ်စေပြောဆိုရာသောအကြောင်း မရှိ။ ရဟန်း ဆင်းရဲဖြစ်ပေါ်ကြောင်းကို။ပ။ ရဟန်းဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကို။ပ။ ရဟန်း ငါ ဟောကြားအပ် သော ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဖြစ်သော စတုတ္ထ အရိယသစ္စာတရားကို ထို အတိုင်းပင် သင် ဆောင်ထားလော့၊ ရဟန်း “ရဟန်းဂေါတမ ဟောကြားအပ်သော ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောစတုတ္ထ အရိယသစ္စာတရားသည် မဟုတ်မမှန်သေး၊ ငါသည် ထိုဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဖြစ်သော စတုတ္ထ အရိယသစ္စာတရားကို ပယ်စွန့်၍ အခြားသောဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သော စတုတ္ထ အရိယသစ္စာတရားကို ပညတ်အံ့”ဟုတစ်ဦးဦးသော သမဏကဖြစ်စေ၊ ဗြာဟ္မဏကဖြစ်စေ ပြောဆိုရာသောအကြောင်း မရှိ။ ရဟန်း “ငါဟောကြားအပ်ကုန်သောအရိယာတို့၏ အမှန်တရား လေးပါးတို့ကို ဤသို့ပင် သင့်ဆောင်ထားလော့”ဟု (မိန့်တော်မူ၏)။

ရဟန်း ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။