သံယုတ္တနိကာယ်—၅၆
၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်
၇—အဝိဇ္ဇာသုတ်
၁ဝ၈၇။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအမှန် မသိမှု ‘အဝိဇ္ဇာ’ ဟူသည် အဘယ်ပါနည်း၊ အဘယ်မျှဖြင့် အမှန်မသိမှု ‘အဝိဇ္ဇာ’ သို့ ရောက်သူ ဖြစ်ပါသနည်း”ဟု လျှောက်ထား၏။
ရဟန်း ဆင်းရဲကို မသိခြင်း၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကို မသိခြင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကို မသိ ခြင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိခြင်းကို အမှန်မသိမှု ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်း အမှန်မသိမှု ‘အဝိဇ္ဇာ’ သို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ရဟန်း ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။