သံယုတ္တနိကာယ်—၅၆
၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်
၈—ဝိဇ္ဇာသုတ်
၁ဝ၈၈။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’ထိုးထွင်း ၍ သိမှု ‘ဝိဇ္ဇာ’ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’ဟူသည် အဘယ်ပါနည်း၊ အဘယ်မျှ ဖြင့် ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’သို့ ရောက်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ရဟန်း ဆင်းရဲကို သိခြင်း၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကို သိခြင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကို သိခြင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိခြင်းကို ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’ဟု ဆိုအပ်၏၊ ဤမျှ ဖြင့်လည်း ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’သို့ ရောက်သူ ဖြစ်၏။
ရဟန်း ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။