သံယုတ္တနိကာယ်—၅၆
၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်
၉—သင်္ကာသနသုတ်
၁ဝ၈၉။ ရဟန်းတို့ “ဤကား ဆင်းရဲဖြစ်သောအရိယသစ္စာ”ဟု ငါ ပညတ်သော တရား၌ ဤအကြောင်းကြောင့်လည်း ဤဆင်းရဲသည် အရိယသစ္စာမည်၏ဟု (ချဲ့အပ်သည်ရှိသော်) အက္ခရာတို့သည်အတိုင်းအရှည် မရှိကုန်၊ ဗျည်းတို့သည် အတိုင်းအရှည် မရှိကုန်၊ ဝေဖန်ခြင်းတို့သည် အတိုင်းအရှည် မရှိကုန်။ ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သော။ပ။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သော။ပ။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာ”ဟု ငါ ပညတ်သော တရား၌ဤ အကြောင်းကြောင့်လည်း ဤဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်သည့်အရိယသစ္စာမည်၏ဟု (ချဲ့အပ်သည်ရှိသော်) အက္ခရာတို့သည် အတိုင်းအရှည် မရှိကုန်၊ ဗျည်းတို့သည်အတိုင်းအရှည် မရှိကုန်၊ ဝေဖန်ခြင်းတို့သည် အတိုင်းအရှည် မရှိကုန်။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။