သံယုတ္တနိကာယ်—၅၆

၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်

၁ဝ—တထသုတ်

၁ဝ၉ဝ။ ရဟန်းတို့ ဤတရားလေးပါးတို့သည် မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်ကုန်။ အဘယ်လေးပါးတို့နည်း —

ရဟန်းတို့ ဤဆင်းရဲတရားသည် မှန်၏၊ မချွတ်မယွင်း၊ တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်။ ဤဆင်းရဲဖြစ်ပေါ်ကြောင်း တရားသည် မှန်၏၊ မချွတ်မယွင်း၊ တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်။ ဤဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တရားသည် မှန်၏၊ မချွတ်မယွင်း၊ တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ။ ဤဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တရားသည် မှန်၏၊ မချွတ်မယွင်း၊ တစ်ပါးသောအခြင်း အရာအားဖြင့် မဖြစ်။

ရဟန်းတို့ ဤတရားလေးပါးတို့သည် မှန်ကုန်၏၊ မချွတ်မယွင်းကုန်၊ တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်ကုန်။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ဓမ္မစက္ကပ္ပဝတ္တနဝဂ် ပြီး၏။