သံယုတ္တနိကာယ်—၅၆

၃—ကောဋိဂါမဝဂ်

၁—ပဌမ ကောဋိဂါမသုတ်

၁ဝ၉၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ကောဋိရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထို အခါမြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—“ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို လျော်စွာမသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ရှည်လျား စွာသော ဤ (သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။ အဘယ်လေးပါးတို့ကို (မသိခြင်းကြောင့်) နည်း၊

ရဟန်းတို့ ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို လျော်စွာ မသိခြင်းကြောင့် ထိုးထွင်း၍မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ရှည်လျားစွာသောဤ (သံသရာ) ကာလ ပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။ ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကို။ပ။ ဆင်းရဲချုပ်ရာဖြစ်သောအရိယာတို့၏အမှန်တရားကို။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏အမှန်တရားကို လျော်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိ ခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာ) ကာလပတ် လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

ရဟန်းတို့ ထိုဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို လျော်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ။

ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကို လျော်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ။ ဆင်းရဲ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားကို။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဖြစ် သောအရိယာတို့၏ အမှန်တရားကို လျော်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ။ ဘဝတို့၌ တပ်မက်ခြင်း ‘ဘဝ တဏှာ’ ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သောကြိုးနှင့် တူစွာ ဘဝတဏှာသည် ကုန်လေပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ”ဟုမိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ဤတရားစကားကို ဟောတော်မူပြီးနောက်ဤဂါထာကို မိန့်တော်မူပြန်၏—

“အရိယသစ္စာလေးပါးတို့ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်ခြင်းကြောင့် ထိုထို ဘဝတို့၌ရှည်လျားစွာသော (သံသရာ) ကာလပတ်လုံး ကျင်လည်ခဲ့ရလှလေပြီ။

ထိုအရိယာသစ္စာတို့ကို (ငါ) သိမြင်ပေပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာဘဝတဏှာကို ကောင်းစွာ နုတ်ပယ်ပြီးပေပြီ၊ ဆင်းရဲ၏ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပေပြီ၊ ယခုအခါတစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ”ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။