သံယုတ္တနိကာယ်—၅၆
၃—ကောဋိဂါမဝဂ်
၂—ဒုတိယ ကောဋိဂါမသုတ်
၁ဝ၉၂။ ရဟန်းတို့ “ဤကား ဆင်းရဲ”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူသမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်းဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ မနေကြရကုန်။
ရဟန်းတို့ “ဤကား ဆင်းရဲ”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ၊ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ ထိုသမဏဗြာဟ္မဏတို့ကိုသမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေကြရကုန်၏ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူပြန်၏—
“ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ အချင်းခပ် သိမ်း အကြွင်းမဲ့ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကိုလည်းကောင်း၊ ဆင်းရဲငြိမ်းအေးရာသို့ ရောက်ကြောင်း မဂ်ကိုလည်းကောင်း မသိကြသူတို့သည် (ကိလေသာမှ) လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သော (အရဟ တ္တဖိုလ်) ပညာမှ ဆုတ်ယုတ်ကုန်၏၊ ထိုသူတို့သည် ဘဝ၏ အဆုံးကိုပြုလုပ်ရန် မထိုက်တန်ကုန်၊ အမှန်စင်စစ် ပဋိသန္ဓေနေရခြင်း အိုရခြင်းသို့ ကပ်ရောက်ရကုန်၏။
“ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ အချင်းခပ် သိမ်း အကြွင်းမဲ့ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကိုလည်းကောင်း၊ ဆင်းရဲငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းမဂ်ကိုလည်းကောင်း သိကြသူတို့သည် (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာနှင့် ပြည့်စုံ ကုန်၏၊ ထိုသူတို့သည် ဘဝ၏အဆုံးကို ပြုလုပ်ရန် ထိုက်တန်ကုန်၏၊ ပဋိသန္ဓေနေရခြင်း အိုရခြင်းသို့ မကပ်ရောက်ရကုန်”ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။