သံယုတ္တနိကာယ်—၅၆

၆—အဘိသမယဝဂ်

၁—နခသိခသုတ်

၁၁၂၁။ ထိုအခါ မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍”ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါ တင်ထားသော ဤမြေမှုန့်အနည်းငယ်နှင့် ဤ (ကမ္ဘာ) မြေကြီးသည် အဘယ်အရာက ပို၍ များသနည်း”ဟု ရဟန်းတို့ကိုမိန့်တော်မူ၏။ အသျှင်ဘုရား ဤ (ကမ္ဘာ) မြေကြီးကသာ ပို၍ များပါ၏၊ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်သည်ကား အနည်းငယ်မျှသာတည်း၊ (ကမ္ဘာ) မြေကြီးကိုထောက်ဆ၍ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်အနည်းငယ်သည်မရေမတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤအတူပင် မဂ်ဉာဏ်နှင့် ပြည့်စုံသော သစ္စာကို ထိုးထွင်းသိပြီးသောအရိယာတပည့်ဖြစ်သော ထိုပုဂ္ဂိုလ်၏ ကုန်ဆုံးပြီးသော ဆင်းရဲကသာ ပို၍ များ၏၊ အကြွင်းအကျန် ဆင်းရဲသည် အနည်းငယ်မျှသာတည်း၊ ကုန်ဆုံးပြီးသော ရှေးက ဆင်းရဲအစုကို ထောက်ဆ၍ အလွန်ဆုံး ခုနစ်ကြိမ်မျှလာရသူ (သတ္တက္ခတ္တုပရမ) ၏အဖြစ် ဟူသော ဆင်းရဲသည် မရေတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်၊ ယင်းပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။