သံယုတ္တနိကာယ်—၅၆
၆—အဘိသမယဝဂ်
၆—ဒုတိယ မဟာပထဝီသုတ်
၁၁၂၆။ ရဟန်းတို့ ဥပမာသော်ကား (ကမ္ဘာ) မြေကြီးသည် ဆီးစေ့မျှရှိသော မြေကြီးခဲ ခုနစ်လုံးတို့ကိုသာ ကြွင်းကျန်စေ၍ ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ကုန်ဆုံးပြီးသော (ကမ္ဘာ) မြေကြီးနှင့် ကြွင်းကျန်သော ဆီးစေ့မျှသာရှိသော မြေကြီးခဲ ခုနစ်လုံးတို့သည် အဘယ်အရာက ပို၍ များသနည်းဟု မိန့်တော်မူ၏။
အသျှင်ဘုရား ကုန်ဆုံးပြီးသော ဤ (ကမ္ဘာ) မြေကြီးကသာ ပို၍ များပါ၏၊ ကြွင်းကျန်ကုန်သောဆီးစေ့မျှသာရှိသော မြေကြီးခဲခုနစ်လုံးတို့သည် အနည်းငယ်မျှသာတည်း၊ ကုန်ဆုံးပြီးသော (ကမ္ဘာ) မြေကြီးကို ထောက်ဆ၍ ကြွင်းကျန်သော ဆီးစေ့မျှသာရှိသော မြေကြီးခဲခုနစ်လုံးတို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါကုန်ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤအတူပင် အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏။ပ။ အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။