သုတ္တနိပါတ်ပါဠိတော်

၁၂-ဒွယတာနုပဿနာသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ညဉ့်၏ ဂုဏ်အင်္ဂါနှင့် ပြည့်စုံ၍ လပြည့်နေ့ဖြစ်သော တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ညဉ့်၌ ရဟန်းအပေါင်း ခြံရံလျက် လွင်တီးခေါင်ဝယ် ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အလွန်တိတ်ဆိတ် ငြိမ်သက်သော ရဟန်းအပေါင်းကို စောင်းငဲ့ကြည့်ရှုတော်မူကာရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏-

ရဟန်းတို့ အကြင်တရားတို့သည် ကုသိုလ်မည်ကုန်၏။ ဖြူစင်ကုန်၏။ လောကမှ ထွက်မြောက်စေတတ်ကုန်၏။ အရဟတ္တဖိုလ်သို့ ရောက်စေတတ်ကုန်၏။ ရဟန်းတို့ ကုသိုလ်ဖြစ်ကုန်သော ဖြူစင်ကုန်သော လောကမှ ထွက်မြောက်စေတတ်ကုန်သော အရဟတ္တဖိုလ်သို့ ရောက်စေတတ်ကုန်သော ထိုတရားတို့ကို သင်တို့ ကြားနာရန် အကြောင်းသည် အဘယ်နည်းဟု မေးကြကုန်မူ ထိုမေးသူတို့ကို နှစ်မျိုးသော အစိတ်အပိုင်းရှိကုန်သောတရားတို့ကိုဟုတ်တိုင်းမှန်စွာ သိဖို့ရန်သာတည်းဟု ဖြေဆိုအပ်ကုန်၏။ အဘယ်သို့လျှင် နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ဆိုကြကုန်သနည်း။

(၁) ဤတရားသည် ဆင်းရဲခြင်း 'ဒုက္ခ'တည်း၊ ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်း 'သမုဒယ'တည်း၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း။ ဤတရားသည် ဆင်းရဲ၏ချုပ်ရာ 'နိရောဓ'တည်း၊ ဤတရားသည် ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်'မဂ္ဂ'တည်း၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း။ ဤသို့ နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာ ရှုသည်ဖြစ်၍မမေ့မလျော့ အပြင်းအထန်အားထုတ်သည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိလျက် နေထိုင်သော ရဟန်းအား ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ကိုသော် လည်းကောင်း၊ ဥပါဒါနက္ခန္ဓာ အကြွင်းရှိသေးမူ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း ထိုနှစ်မျိုးသော ဖိုလ်တို့တွင် တစ်မျိုးမျိုးသော ဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။

မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးလျှင် ထိုမှနောက်၌ ဤဂါထာတို့ကို မိန့်တော်မူ၏ -

၇၃ဝ။ ''အကြင်သူတို့သည် ဆင်းရဲကို မသိကြကုန်၊ ထို့ပြင် ဆင်းရဲ၏ ဖြစ်ကြောင်းကို မသိကြကုန်၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း၊ လမ်းစဉ်ကိုလည်းကောင်း မသိကြကုန်။ (၁)

၇၃၁။ ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှလွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာမှ ယုတ်ကုန်၏။ ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မထိုက်ကုန်၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ ဧကန် ရောက်ကြရကုန်၏။ (၂)

၇၃၂။ အကြင်သူတို့သည်ကား ဆင်းရဲကို သိကြကုန်၏။ ထို့ပြင် ဆင်းရဲ၏ ဖြစ်ကြောင်းကိုလည်း သိကြကုန်၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း လမ်းစဉ်ကိုလည်းကောင်း သိကြကုန်၏။ (၃)

၇၃၃။ ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာနှင့် ပြည့်စုံကုန်၏။ ထိုသူတို့သည် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ ထိုက်ကုန်၏။ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မကပ်ရောက်ကြရကုန်''ဟု (ဟောတော်မူ၏)။ (၄)

(၂) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာရှုခြင်းသည် ဖြစ်ရာအံ့လောဟု ဤသို့ မေးသူတို့ရှိကြကုန်မူ (ထိုမေးသူတို့ကို) ''ရှိသည် ဖြစ်ရာ၏''ဟု ဖြေဆိုအပ်ကုန်၏။ အဘယ်သို့လျှင် ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှ အားလုံးသည် လောကီကုသိုလ် အကုသိုလ်ကံဟူသော (ဥပဓိ) အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ လောကီကုသိုလ် အကုသိုလ်ကံတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၃၄။ ''လောက၌ များသော သဘောရှိကုန်သော ဆင်းရဲဒုက္ခဟူသမျှတို့သည် ကုသိုလ်ကံ အကုသိုလ်ကံဟူသော အကြောင်းကြောင့် ဖြစ်ပေါ်ကုန်၏။ မသိသည်ဖြစ်၍ လောကီကုသိုလ် အကုသိုလ်ကံကို ပြုသော ပညာနုံ့သူ (ပုထုဇဉ်)သည် အဖန်တလဲလဲ ဆင်းရဲသို့ ကပ်ရောက်ရ၏။ ထို့ကြောင့် ပိုင်းခြား၍ သိတတ်သူသည် ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းကို ရှုမှတ်ဆင်ခြင်လျက် လောကီကုသိုလ် အကုသိုလ်ကံကို မပြုလုပ်ရာ''ဟု (ဟောတော်မူ၏)။ (၅)

(၃) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာရှုခြင်းသည် ဖြစ်ရာအံ့လောဟု ဤသို့ မေးသူတို့ ရှိကြကုန်မူ (ထိုမေးသူတို့ကို) ''ရှိသည် ဖြစ်ရာ၏''ဟု ဖြေဆိုအပ်ကုန်၏။ အဘယ်သို့လျှင် ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ အဝိဇ္ဇာသာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၃၅။ ''အကြင်သတ္တဝါတို့သည် ပဋိသန္ဓေနေရမူ သေရမှုဟူသော ခန္ဓာအစဉ်သို့ အဖန်တလဲလဲ ရောက်ကြရကုန်၏။ ဤလူ့ဘဝ အခြားသောဘဝသို့ (ရောက်ကြရကုန်၏)၊ ထိုသတ္တဝါတို့၏ ထိုသို့ လားရောက်ရခြင်းသည် အဝိဇ္ဇာကြောင့်သာ ဖြစ်၏။ (၆)

၇၃၆။ ထိုစကား မှန်၏။ သတ္တဝါအပေါင်းသည် အကြင်အဝိဇ္ဇာကြောင့် ဤသံသရာ၌ ကြာမြင့်စွာ နစ်မြုပ်ရ၏။ ဤအဝိဇ္ဇာသည် ကြီးစွာသော မောဟပင်တည်း။ အရဟတ္တမဂ် ဝိဇ္ဇာနှင့် ပြည့်စုံသော သတ္တဝါတို့သည် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်''ဟု (ဟောတော်မူ၏)။ (၇)

(၄) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှ အားလုံးသည် သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ သင်္ခါရတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက်မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၃၇။ ''ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာ၏။ သင်္ခါရတို့၏သာ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ (၈)

၇၃၈-၇၃၉။ သင်္ခါရဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိ၍သင်္ခါရအားလုံးတို့၏ ငြိမ်းခြင်းကြောင့်လည်းကောင်း၊ (ကာမစသော) သညာတို့၏ချုပ်ခြင်းကြောင့်လည်းကောင်း ဤသို့ ဆင်းရဲကုန်ခြင်း ဖြစ်၏။ ဤနှစ်မျိုးကို ဟုတ်မှန်သည့်အတိုင်းသိ၍ ကောင်းစွာမြင်ကုန်သော နိဗ္ဗာန်သို့ရောက်သော ပညာရှိတို့သည် (သင်္ခတ စသည်တို့၏ သဘောကို) ကောင်းစွာသိကုန်၍ မာရ်၏အရာဖြစ်သော တေဘူမကဝဋ်ကို နှိမ်နင်းလျက် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်''ဟု (ဟောတော်မူ၏)။ (၉-၁ဝ)

(၅) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဝိညာဏ်တည်းဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဝိညာဏ်၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်းမရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၄ဝ။ ''ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်၏။ ဝိညာဏ်၏သာ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ။ (၁၁)

၇၄၁။ ရဟန်းသည် ဝိညာဏ်ဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိ၍ဝိညာဏ်ငြိမ်းခြင်းကြောင့် တဏှာကင်းသဖြင့် ကိလေသ ပရိနိဗ္ဗာန်စံရ၏''ဟု (ဟောတော်မူ၏)။ (၁၂)

(၆) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဖဿ၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၄၂။ ''ဝိညာဏ်နှင့်ယှဉ်သည့် ဖဿသည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ဘဝ တဏှာတည်းဟူသော အလျဉ်သို့ အစဉ်လျှောက်ကာ လမ်းမှားသို့ သွားကုန်သော ထိုသတ္တဝါတို့အား သံယောဇဉ်ကုန်ရာနိဗ္ဗာန်သည် ဝေးကွာလှ၏။ (၁၃)

၇၄၃။ အကြင်ပုဂ္ဂိုလ်တို့သည်ကား ဖဿကို ပရိညာသုံးပါးဖြင့် သိပြီးလျှင် အရဟတ္တမဂ်ဉာဏ်ဖြင့်သိလျက်နိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ဖဿ ချုပ်ခြင်းကြောင့် တဏှာကင်းသဖြင့်ကိလေသပရိနိဗ္ဗာန်စံရ၏''ဟု (ဟောတော်မူ၏)။ (၁၄)

(၇) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဝေဒနာဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဝေဒနာ၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၄၄။ ''အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း ဥပေက္ခာ ဝေဒနာလည်းဖြစ်သော ဒုက္ခဝေဒနာလည်းဖြစ်သော ခံစားမှုဟူသမျှသည် ရှိ၏။ (၁၅)

၇၄၅။ အကြင်ရဟန်းသည် ဤဝေဒနာကို ဆင်းရဲကြောင်းဟု သိ၍ ပျက်တတ်သော သဘောဖောက်ပြန်တတ်သော သဘောကို ဉာဏ်ဖြင့်တွေ့ထိ၍ တွေ့ထိ၍ အပျက်ကို ရှုကာ ထိုဝေဒနာတို့၌ ဤသို့ ဆင်းရဲသော အဖြစ်ကို သိ၏။ ထိုရဟန်းသည် ဝေဒနာတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ကိလေသပရိနိဗ္ဗာန် စံရ၏''ဟု (ဟောတော်မူ၏)။ (၁၆)

(၈) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် တဏှာဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ တဏှာ၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၄၆။ ''တဏှာလျှင် အဖော်ရှိသော ယောကျာ်းသည် ရှည်ကြာစွာသော ကာလ ပတ်လုံးကျင်လည်ရသည်ဖြစ်၍ ဤလူ့ဘဝ တစ်ပါးသော ဘဝဟူသော သံသရာကို မလွန်မြောက်နိုင်။ (၁၇)

၇၄၇။ သတိရှိသော ရဟန်းသည် ဆင်းရဲ၏ အကြောင်းဖြစ်သော ထိုတဏှာကို အပြစ်အားဖြင့် သိ၍တဏှာကင်းသောကြောင့် နောင်တစ်ဖန် ပဋိသန္ဓေကို မယူ တော့ဘဲ (သံသရာမှ) ထွက်မြောက်နိုင်ရာ၏''ဟု (ဟောတော်မူ၏)။ (၁၈)

(၉) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ့ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဥပါဒါန်၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၄၈။ ''ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏။ ဖြစ်ပေါ်လာသော သတ္တဝါသည် ဆင်းရဲသို့ ရောက်ရ၏။ ပဋိသန္ဓေနေရသူအား သေခြင်းသည် ဖြစ်ရ၏။ ဤပဋိသန္ဓေနေရခြင်းသေရခြင်းသဘောသည် ဆင်းရဲဖြစ်ရခြင်းပင်တည်း။ (၁၉)

၇၄၉။ ထို့ကြောင့် ပညာရှိတို့သည် အောက်မဂ်သုံးပါးဖြင့် ကောင်းစွာ သိကြ ပြီးလျှင်ဥပါဒါန်ကုန်ခြင်းကြောင့် ဇာတိကုန်ရာ နိဗ္ဗာန်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် သိကြကုန်၍ တစ်ဖန် ဘဝသစ်သို့ မရောက်ကြရတော့ကုန်''ဟု (ဟောတော်မူ၏)။ (၂ဝ)

(၁ဝ) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည်အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊အားထုတ်အပ်သော ကံတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၅ဝ။ ''ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည်အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့် ဖြစ်၏။အားထုတ်အပ်သော ကံတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်းမရှိတော့ပေ။ (၂၁)

၇၅၁-၇၅၂။ ဆင်းရဲသည်အားထုတ်အပ်သော ကံကြောင့် ဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့်အားထုတ်အပ်သော ကံအားလုံးကို စွန့်ပြီး၍အားထုတ်မှုကံ ကင်းသော နိဗ္ဗာန်သို့ လွတ်မြောက်သော စိတ်ရှိသော ဘဝတဏှာပြတ်ပြီးသော ငြိမ်းအေးသော စိတ် ရှိသော ရဟန်းအားဇာတိဟူသော သံသရာကုန်ပြီ၊ တစ်ဖန် ဘဝသစ် မရှိတော့ပြီ''ဟု (ဟောတော်မူ၏)။ (၂၂-၂၃)

(၁၁) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် အာဟာရဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ အာဟာရတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၅၃။ ''ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် အာဟာရဟူသော အ ကြောင်းကြောင့် ဖြစ်၏။ အာဟာရတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိတော့ ပေ။ (၂၄)

၇၅၄။ အာဟာရဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့် အာဟာရအားလုံးကို ပိုင်းခြား သိ၍ အာဟာရအားလုံးကို မမှီ တော့ပေ။ (၂၅)

၇၅၅။ ကိလေသာ အနာရောဂါကင်းသော နိဗ္ဗာန်ကို ကောင်းစွာသိ၍ အာသဝေါကုန်ခြင်းကြောင့် ပညာဖြင့် ဆင်ခြင်၍မှီဝဲသော သစ္စာတရား၌ တည်သော ရဟန္တာသည် သတ္တဝါဟူသော ရေတွက်ခြင်းသို့ မရောက်နိုင်တော့ပေ''ဟု (ဟောတော်မူ၏)။ (၂၆)

(၁၂) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ကံ၏အဆောက်အဦးဟူသောတုန်လှုပ်ခြင်းအကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ကံ၏အဆောက်အဦးဟူသောတုန်လှုပ်ခြင်းတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤ့သည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၅၆။ ''ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် တုန်လှုပ်ခြင်းဟူသော အကြောင်းကြောင့် ဖြစ်၏။ တုန်လှုပ်ခြင်းတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ။ (၂၇)

၇၅၇။ သတိရှိသော ရဟန်းသည် တုန်လှုပ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့် တဏှာစွန့်လွှတ်လျက် ကမ္မသင်္ခါရတို့ကို ချုပ်စေပြီးလျှင် တဏှာမရှိသည်ဥပါဒါန်မရှိသည်ဖြစ်၍ ဤသံသရာမှ ထွက်မြောက်ရာ၏''ဟု (ဟောတော်မူ၏)။ (၂၈)

(၁၃) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ (တဏှာ မာန ဒိဋ္ဌိတို့)မှီသူအား ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ (တဏှာ မာန ဒိဋ္ဌိတို့) မမှီသောသူသည် မတုန်လှုပ်၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၅၈။ ''တဏှာ မာန ဒိဋ္ဌိတို့ မမှီသူသည် မတုန်လှုပ်၊မှီသောသူကား ဤလူ့ ဘဝ တစ်ပါးသော ဘဝကို ပြင်းစွာ စွဲလမ်းသည်ဖြစ်၍ သံသရာကို မလွန်မြောက်နိုင်။ (၂၉)

၇၅၉။ သတိရှိသော ရဟန်းသည် တဏှာမာနဒိဋ္ဌိဟူသောမှီရာတို့ကြောင့် ကြီး စွာသော ဘေးဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့် တဏှာ မာန ဒိဋ္ဌိတို့ကို မမှီမူ၍ မစွဲလမ်းဘဲ သံသရာမှထွက်မြောက်ရာ၏''ဟု (ဟောတော်မူ၏)။ (၃ဝ)

(၁၄) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ရဟန်းတို့ ရူပဘဝတို့ထက် အရူပဘဝတို့သည်သာလွန်ငြိမ်သက်ကုန်၏။ ဤသည်ကားတစ်မျိုးသော ရှုမှတ်မှုတည်း၊ အရူပဘဝတို့ထက် ကိလေသာချုပ်ငြိမ်းရာ နိဗ္ဗာန်သည်သာလွန်ငြိမ်သက်၏။ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၆ဝ။ ''ရူပဘဝသို့ ကပ်ရောက်ကုန်သော သတ္တဝါ အရူပဘဝ၌ တည်ကုန်သော သတ္တဝါတို့သည် ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မသိကြကုန်သောကြောင့် တစ်ဖန် ဘဝ သစ်သို့ ရောက်လာကြကုန်၏။ (၃၁)

၇၆၁။ အကြင်ပုဂ္ဂိုလ်တို့သည်ကား ရူပဘဝတို့ကို ပိုင်းခြားသိကုန်၍ အရူပဘဝတို့၌လည်း မတည်ကုန်၊ နိဗ္ဗာန်၌သာလျှင် နှလုံးသွင်းကုန်၏။ ထိုပုဂ္ဂိုလ်သည် သေခြင်းသဘောကို စွန့်လွှတ်နိုင်ကုန်၏''ဟု (ဟောတော်မူ၏)။ (၃၂)

(၁၅) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောကသည် နိစ္စ သုဘ သုခ အတ္တသဘောမှန်၏ဟု ယူဆထားသော နာမ်ရုပ်ကို အရိယာပုဂ္ဂိုလ်တို့က ဤအယူအဆသည်မှားယွင်း၏ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ရဟန်းတို့ နတ် မာရ်နတ်ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောကသည်ရုပ်ဝေဒနာသည် မရှိခြင်းကြောင့်မှား၏ဟု ယူဆထားသော နိဗ္ဗာန်ကို အရိယာပုဂ္ဂိုလ်တို့က ဤနိဗ္ဗာန်သည်ပရမတ္ထအားဖြင့်မှန်၏ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏။ ဤသည်ကားဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

၇၆၂။ ''အတ္တမဟုတ်သော နာမ်ရုပ်၌ စွဲမှီလျက် အတ္တဟု ထင်မှတ်ယူဆသော နတ်နှင့်တကွသော လောကကို ကြည့်ရှုပါလော့၊ ဤနာမ်ရုပ်သည် နိစ္စစသည်တို့ အဖြစ်ဖြင့်မှန်၏ဟု နတ်နှင့်တကွသော လောကက ထင်မှတ်ယူဆနေ၏။ (၃၃)

၇၆၃။ နာမ်ရုပ်သည် အတ္တဟု ထင်မှတ်ယူဆထားသည်မှ တစ်ပါးသော အနတ္တ အခြင်းအရာအားဖြင့်ဖြစ်၏။မှန်၏-ထိုနာမ်ရုပ်ကို ငါ၏အတ္တဟု ထင်မှတ်ယူဆခြင်းသည် ထိုလောက၏မှားယွင်းချက်တည်း၊ အကြောင်းကား ထိုနာမ်ရုပ်သည် အခိုက် အတံ့ဖြစ်ပေါ်၍ ပျက်စီးခြင်းသဘောရှိသောကြောင့် ပင်တည်း။ (၃၄)

၇၆၄။ အရိယာပုဂ္ဂိုလ်တို့သည် ပျက်စီးခြင်းသဘော မရှိသော နိဗ္ဗာန်ကို အမှန် အတိုင်းသိကြကုန်၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် သစ္စာလေးပါးတရားတို့ကို သိခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ကိလေသပရိနိဗ္ဗာန်စံရကုန်၏''ဟု (ဟောတော်မူ၏)။ (၃၅)

(၁၆) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာ ရှုခြင်းသည် ဖြစ်ရာအံ့လောဟု ဤသို့ မေးသူတို့ ရှိကြကုန်မူ (ထိုမေးသူတို့ကို) ''ရှိသည် ဖြစ်ရာ၏''ဟု ဖြေဆိုအပ်ကုန်၏။ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့်သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောကသည် ချမ်းသာဟု ယူဆထားသော ဣဋ္ဌအာရုံခြောက်မျိုးကို အရိယာပုဂ္ဂိုလ်တို့က ဤအာရုံသည် ဆင်းရဲဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ရဟန်းတို့ ထိုနတ် မာရ်နတ်ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် ကာမဂုဏ်မရှိသောကြောင့် ဒုက္ခဟု ယူဆထားသော နိဗ္ဗာန်ကို အရိယာပုဂ္ဂိုလ်တို့က ဤနိဗ္ဗာန်သည်ချမ်းသာလှ၏ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏။ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ရဟန်းတို့ ဤသို့ နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာရှုသည်ဖြစ်၍ မမေ့မလျော့ အပြင်းအထန်အားထုတ်သည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိလျက်နေသော ရဟန်းအား ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ကိုသော်လည်းကောင်း၊ ဥပါဒါနက္ခန္ဓာ အကြွင်းရှိသေးမူ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း ထိုနှစ်မျိုးသော ဖိုလ်တို့တွင် တစ်မျိုးမျိုးသော ဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤဂါထာကို ဟော တော်မူ၏-

၇၆၅။ ''အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် မြတ်နိုးအပ်ကုန်သောအားလုံးကုန်သော ရူပါရုံ သဒ္ဒါရုံဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟူသော အာရုံခြောက်မျိုးတို့သည် ရှိကုန်၏ဟူ၍ ဆိုရ၏။ (၃၆)

၇၆၆။ နတ်နှင့်တကွ လောကသည် ဤအာရုံတို့ကို ချမ်းသာဟု ခေါ်ဆိုသမုတ် အပ်ကုန်၏။ ဤအာရုံတို့ချုပ်ရာ နိဗ္ဗာန်ကို မူကား ဆင်းရဲဟု ခေါ်ဆိုသမုတ်အပ်၏။ (၃၇)

၇၆၇။ ခန္ဓာဟူသော သက္ကာယ၏ ချုပ်ရာ နိဗ္ဗာန်ကို သုခဟူ၍ အရိယာပုဂ္ဂိုလ်တို့ မြင်ကြကုန်၏။ နိဗ္ဗာန်ကို သုခဟု မြင်သော အရိယာပုဂ္ဂိုလ်တို့၏ ဤအမြင်သည် လောကအားလုံးနှင့် ဆန့်ကျင်သော အမြင်ဖြစ်၏။ (၃၈)

၇၆၈။ တစ်ပါးသောသူတို့သည် သုခဟု ပြောဆိုကြသော ဝတ္ထုကာမကို အရိယာပုဂ္ဂိုလ်တို့က ဒုက္ခဟု ဆိုကြကုန်၏။ တစ်ပါးသောသူတို့က ဒုက္ခဟု ပြောဆို ကြသော နိဗ္ဗာန်ကို အရိယာပုဂ္ဂိုလ်တို့က သုခဟု သိကြကုန်၏။ (၃၉)

၇၆၉။ သိရန်ခဲယဉ်းလှသော နိဗ္ဗာန်ကို ရှုပါလော့၊ ဤနိဗ္ဗာန်၌ သူမိုက်တို့သည် ပြင်းစွာ တွေဝေကုန်၏။ (အဝိဇ္ဇာ) ဖုံးပိတ်အပ်ကုန်သည်ဖြစ်၍ (နိဗ္ဗာန်ကို) မမြင်သောသူမိုက်တို့အား ဉာဏ်မျက်စိကန်းအောင်ပြုတတ်သော အမိုက်မှောင်သည် ဖြစ်၏။ (၄ဝ)

၇၇ဝ။ အလင်းရောင်သည် အပိတ်အဆီးမရှိ ဟင်းလင်းပွင့်သကဲ့သို့ ပညာဖြင့် ရှုကြည့်သောသူတော်ကောင်းတို့အား နိဗ္ဗာန်သည် ဟင်းလင်းပွင့်၏။ သစ္စာတရားကို မလိမ္မာကုန်သောသူမိုက်တို့သည် အနီး၌ တည်ရှိနေသော နိဗ္ဗာန်ကို မသိနိုင်ကြကုန်။ (၄၁)

၇၇၁။ ဘဝရာဂ အနှိပ်စက်ခံကြရကုန်သည်ဖြစ်၍ ဘဝတည်းဟူသောတဏှာ ရေအလျဉ်၌ မျောကုန်သော မာရ်မင်း၏ နယ်ပယ် တေဘူမကဝဋ်၌ လှည့်လည်နေကုန်သော ပုထုဇဉ်တို့သည် ဤနိဗ္ဗာန်တရားကို အလွယ်တကူ မသိနိုင်ကြကုန်။ (၄၂)

၇၇၂။ အာသဝေါမရှိသော ရဟန္တာတို့သည် အကြင်နိဗ္ဗာန်ကို ကောင်းစွာသိ၍ ပရိနိဗ္ဗာန်ပြုကုန်၏။ အရိယာတို့မှ တစ်ပါးသော အဘယ်သူသည် ထိုနိဗ္ဗာန်ကို သိခြင်းငှါ ထိုက်တန်ပါမည်နည်း''ဟု (မိန့်တော်မူ၏)။ (၄၃)

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသောတရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ လက်ခံကြလေကုန်၏။ ဤတစ်ဆယ့်ခြောက်ချက်သော အကြောင်းတရားတော်ကို ဟောတော်မူအပ်သည်ရှိသော် ခြောက်ကျိပ်အတိုင်းအရှည်ရှိသော ရဟန်းတို့၏စိတ်သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ကြလေကုန်၏။

တစ်ဆယ့်နှစ်ခုမြောက် ဒွယတာနုပဿနာသုတ် ပြီး၏။

သုံးခုမြောက် မဟာဝဂ် ပြီး၏။