အင်္ဂုတ္တရနိကာယ်

၂-နာထဝဂ်

၃-သံယောဇနသုတ်

၁၃။ ရဟန်းတို့ သံယောဇဉ်တို့သည် ဤဆယ်မျိုးတို့တည်း။ ဆယ်မျိုးတို့ဟူသည် အဘယ်တို့ နည်း၊ အောက်ပိုင်းသံယောဇဉ်ငါးမျိုး အထက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တည်း။

အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာ ငါးဝကိုယ်ကာယ၌ အယူမှားမှု ‘သက္ကာယဒိဋ္ဌိ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’၊ နွားခွေးအလေ့အကျင့်စသည်ကို ကိလေသာစင်ကြယ်ကြောင်း အကျင့်ကောင်းဟု အမှားစွဲယူသုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’၊ ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’တို့တည်း။ ဤသည်တို့ကား အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တည်း။

အထက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရူပဘုံ၌ တပ်စွန်းမှု ‘ရူပရာဂ’၊ အရူပ ဘုံ၌ တပ်စွန်းမှု ‘အရူပရာဂ’၊ ထောင်လွှားမှု ‘မာန’၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မသိမှု အဝိဇ္ဇာတို့တည်း၊ ဤသည်တို့ကား အထက်ပိုင်းသံယောဇဉ်ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤသည်တို့ကား သံယောဇဉ် ဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်၊