အင်္ဂုတ္တရနိကာယ်

၂-နာထဝဂ်

၅-အပ္ပမာဒသုတ်

၁၅။ ရဟန်းတို့ အခြေမရှိသောသတ္တဝါ အခြေနှစ်ချောင်းရှိသောသတ္တဝါ အခြေလေးချောင်းရှိသော သတ္တဝါ အခြေများစွာရှိသောသတ္တဝါ ရုပ်ရှိသောသတ္တဝါ ရုပ်မရှိသောသတ္တဝါ သညာရှိသောသတ္တဝါ သညာ မရှိသောသတ္တဝါ သညာရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့တွင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရားအားလုံးတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’လျှင် အခြေခံရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု ‘အပ္ပမာဒ’ကို အမြတ်ဆုံံးဟု ဆိုအပ်၏။ ရဟန်းတို့ ကုန်းမြေ၌ ကျက်စားသွားလာကုန်သော သတ္တဝါတို့၏ ခြေရာဟူသမျှတို့သည် ဆင် ခြေရာ၌ ပေါင်းဆုံခြင်းသို့ ရောက်ကုန်သကဲ့သို့ ထိုခြေရာတို့တွင် ဆင်ခြေရာကို ကြီးသော သဘောကြောင့် အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရားအားလုံးတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’လျှင် အခြေခံရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’ သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု ‘အပ္ပမာဒ’ ကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ အထွတ်တပ်သော အိမ်၏ အခြင်(ရနယ်)အားလုံးတို့သည် အထွတ်သို့ ရောက်ကုန် အထွတ်သို့ ညွတ်ကုန် အထွတ်၌ ပေါင်းဆုံကုန်သကဲ့သို့ ထိုအခြင်(ရနယ်)တို့ထက် အထွတ်ကို အမြတ်ဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရား အားလုံးတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’လျှင် အခြေခံ ရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု ‘အပ္ပမာဒ’ ကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ အမြစ်နံ့သာအားလုံးတို့တွင် အကျော်ကို အသာဆုံးဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ အနှစ်နံ့သာအားလုံးတို့တွင် စန္ဒကူးနီကို အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ အပွင့်နံ့သာအားလုံးတို့တွင် မြတ်လေးပန်းကို အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ မင်းငယ်ဟူသမျှ အားလုံးတို့သည် စကြဝတေး မင်း၏ နောက်လိုက်ဖြစ်ကုန်သကဲ့သို့၊ စကြဝတေးမင်းကို ထိုမင်းတို့ထက် အသာဆုံးဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ ကြယ်တာရာတို့၏ အရောင်ဟူသမျှ အားလုံးတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်မျှ မထိုက်ကုန်သကဲ့သို့ ထိုအရောင်တို့တွင် လရောင်ကိုအသာဆုံးဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ သရဒအခါ မိုးသည်မြင့်၍ မိုးသားတိမ်တိုက် ကင်းစင် လတ်သော် နေသည် ကောင်းကင်သို့ တက်လျက် ကောင်းကင်ပြင် အားလုံးရှိအမိုက်တိုက်ကို ဖြိုခွင်း ဖျက်ဆီး၍ တောက်ပထွန်းလင်း တင့်တယ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ ဂင်္ဂါ ယမုံနာ အစီရဝတီ သရဘူ မဟီဟူသော မြစ်ကြီးအားလုံးတို့သည် သမုဒ္ဒရာသို့ သွားကုန် သမုဒ္ဒရာသို့ ညွတ်ကုန် သမုဒ္ဒရာသို့ ကိုင်းကုန် သမုဒ္ဒရာသို့ ရှိုင်းကုန်သကဲ့သို့ ထိုမြစ်ကြီးတို့ထက် သမုဒ္ဒရာကို အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရားအားလုံးတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’လျှင် အခြေခံရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’သို့ ပေါင်းဆုံကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’ကို ထိုကုသိုလ်တရားတို့တွင် အမြတ်ဆုံးဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။