အင်္ဂုတ္တရနိကာယ်
၂-နာထဝဂ်
၉-ပဌမ အရိယာဝါသသုတ်
၁၉။ ရဟန်းတို့ အရိယာတို့၏ နေခြင်းတို့သည် ဤဆယ်မျိုးတို့တည်း၊ ယင်းအရိယာတို့၏ နေခြင်း ဆယ်မျိုးတို့ကို အရိယာတို့သည် (ရှေးကလည်း) မှီ၍ နေကြကုန်ပြီ၊ (ယခုလည်း) မှီ၍ နေကြကုန်ဆဲ၊ (နောင်လည်း) မှီ၍ နေကြကုန်လတ္တံ့။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အင်္ဂါငါးမျိုးကို ပယ်ပြီးဖြစ်၏၊ အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံ၏၊ အစောင့်အရှောက် တစ်ခုရှိ၏၊ မှီရာ လေးခုရှိ၏၊ ပယ်နုတ်ပြီး သီးခြားသစ္စာ ရှိ၏၊ ကောင်းစွာ မယုတ်သော ရှာမှီးခြင်းကို စွန့်ပြီး ဖြစ်၏၊ မနောက်ကျုသော အကြံရှိ၏၊ ကိုယ်ကို ပြုပြင်မှု ‘ကာယသင်္ခါရ’ ငြိမ်းပြီး ဖြစ်၏၊ ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိ၏။ ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏နေခြင်း ဆယ်မျိုးတို့ပေတည်း၊ ယင်းအရိယာတို့၏နေခြင်း ဆယ်မျိုးတို့ကို အရိယာတို့သည် (ရှေးကလည်း) မှီ၍ နေကြကုန်ပြီ၊ (ယခုလည်း) မှီ၍ နေကြကုန်ဆဲ၊ (နောင်လည်း) မှီ၍ နေကြ ကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။
နဝမသုတ်။