အင်္ဂုတ္တရနိကာယ်
(၆) ၁-သစိတ္တဝဂ်
၇-ဒုတိယ သညာသုတ်
၅၇။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော ဤမှတ်သားမှု ‘သညာ’ဆယ်မျိုးတို့သည် အကျိုးများကုန်၏၊ အာနိသင် များကုန်၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—မမြဲဟု အမှတ်ပြုမှု ‘အနိစ္စသညာ’၊ အစိုးမရဟု အမှတ်ပြုမှု ‘အနတ္တသညာ’၊ သေခြင်း၌ အမှတ်ပြုမှု ‘မရဏသညာ’၊ အစားအစာ၌ စက်ဆုပ်ဖွယ်ဟု့အမှတ်ပြုမှု ‘အာဟာရေပဋိကူလသညာ’၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ပြုမှု ‘သဗ္ဗလောကေ အနဘိရတိသညာ’၊ အရိုးစုဖြစ်၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ‘အဋ္ဌိကသညာ’၊ ပိုးလောက်ပြည့်၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ‘ပုဠုဝကသညာ’၊ ဖောက်ပြန်ညိုမဲ၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ‘ဝိနီလက သညာ’၊ ဖောက်ပြန်ပြတ်သတ်၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ‘ဝိစ္ဆိဒ္ဒကသညာ’၊ ဖူးရောင်ကြွတက်၍ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ‘ဥဒ္ဓုမာတကသညာ’တို့တည်း။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော ဤမှတ်သားမှု ‘သညာ’ ဆယ်မျိုးတို့သည် အကျိုးများကုန်၏၊ အာနိသင် များကုန်၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။