အင်္ဂုတ္တရနိကာယ်

၁-နိဿယဝဂ်

၁-ကိမတ္ထိယသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင် အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား အပြစ်မရှိသော သီလတို့သည် အဘယ်အကျိုး ရှိပါကုန်သနည်း၊ အဘယ်အာနိသင်ရှိပါကုန်သနည်း”ဟု လျှောက်၏။ အာနန္ဒာ အပြစ်မရှိသော သီလတို့ သည် နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ အကျိုးရှိကုန်၏၊ နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ အာနိသင် ရှိကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ် အာနိသင် ရှိပါသနည်း။ အာနန္ဒာ နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ သည်ကား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ အကျိုးရှိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ အာနိသင်ရှိ၏။ အသျှင်ဘုရား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ သည်ကား နှစ်သက်မှု ‘ပီတိ’ အကျိုးရှိ၏၊ နှစ်သက်မှု ‘ပီတိ’ အာနိသင် ရှိ၏။ အသျှင်ဘုရား နှစ်သက်မှု ‘ပီတိ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ နှစ်သက်မှု ‘ပီတိ’ သည်ကား ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’ အကျိုးရှိ၏၊ ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’ အာနိသင်ရှိ၏။ အသျှင်ဘုရား ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’ သည် ချမ်းသာမှု ‘သုခ’ အကျိုးရှိ၏၊ ချမ်းသာမှု ‘သုခ’ အာနိသင်ရှိ၏။ အသျှင်ဘုရား ချမ်းသာမှု ‘သုခ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ ချမ်းသာမှု ‘သုခ’ သည်ကား တည်ကြည်မှု ‘သမာဓိ’ အကျိုးရှိ၏၊ တည်ကြည်မှု ‘သမာဓိ’ အာနိသင်ရှိ၏။ အသျှင်ဘုရား တည်ကြည်မှု ‘သမာဓိ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ တည်ကြည်မှု ‘သမာဓိ’ သည်ကားဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏ ဒဿန’ အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏဒဿန’ အာနိသင်ရှိ၏။ အသျှင်ဘုရားဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏဒဿန’ သည်ကား အဘယ်အကျိုး ရှိပါသနည်း၊ အဘယ်အာနိသင်ရှိပါသနည်း။ အာနန္ဒာဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏ ဒဿန’ သည်ကား ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ အကျိုးရှိ၏၊ ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ အာနိသင်ရှိ၏။ အသျှင်ဘုရား ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ သည်ကား တပ်စွန်းခြင်း ကင်းမှု ‘ဝိရာဂ’ အကျိုး ရှိ၏၊ တပ်စွန်းခြင်း ကင်းမှု ‘ဝိရာဂ’ အာနိသင်ရှိ၏။ အသျှင်ဘုရား တပ်စွန်းခြင်းကင်းမှု ဝိရာဂ’သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ် အာနိသင် ရှိပါသနည်း။ အာနန္ဒာ တပ်စွန်းခြင်းကင်းမှု ‘ဝိရာဂ’သည်ကား လွတ်မြောက်မှု ‘ဝိမုတ္တိ’နှင့် လွတ်မြောက်မှု ကို သိမြင်မှု ‘ဝိမုတ္တိဉာဏဒဿန’ အကျိုးရှိ၏၊ လွတ်မြောက်မှု ‘ဝိမုတ္တိ’နှင့် လွတ်မြောက်မှုကို သိမြင်မှု ‘ဝိမုတ္တိဉာဏဒဿန’ အာနိသင်ရှိ၏။ အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့သည် နှလုံးသာရွှင်မှု အကျိုးရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင်ရှိကုန်၏၊ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှု အာနိသင် ရှိ၏၊ ဝမ်းမြောက်မှုသည် နှစ်သက်မှုအကျိုးရှိ၏၊ နှစ်သက်မှု အာနိသင်ရှိ၏၊ နှစ်သက်မှုသည် ငြိမ်းချမ်းမှု အကျိုးရှိ၏၊ ငြိမ်းချမ်းမှု အာနိသင်ရှိ၏၊ ငြိမ်းချမ်းမှုသည် ချမ်းသာမှုအကျိုးရှိ၏။ ချမ်းသာမှုအာနိသင် ရှိ၏။ ချမ်းသာမှုသည် တည်ကြည်မှု အကျိုးရှိ၏၊ တည်ကြည်မှုအာနိသင်ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင်ရှိ၏။ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှု အကျိုးရှိ၏၊ ငြီးငွေ့မှု အာနိသင်ရှိ၏။ ငြီးငွေ့မှုသည် တပ်စွန်းခြင်း ကင်းမှု အကျိုးရှိ၏၊ တပ်စွန်းခြင်းကင်းမှု အာနိသင်ရှိ၏၊ တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှု ဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိမြင်မှု ဝိမုတ္တိဉာဏ ဒဿန အကျိုးရှိ၏၊ လွတ်မြောက်မှုဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိမြင်မှု ဝိမုတ္တိဉာဏဒဿန အာနိသင်ရှိ၏၊ အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့သည် အစဉ် အတိုင်း အရဟတ္တဖိုလ်သို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။