အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သေဉ္စတနိယဝဂ်

၉-နိဗ္ဗာနသုတ်

၁၇၉။ ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် အသျှင်သာရိပုတြာအား— “ငါ့သျှင်သာရိပုတြာ အကြင် အကြောင်းကြောင့် ဤလောက၌ အချို့ကုန်သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ပင် ကိလေသာ မငြိမ်းကုန်၊ ထို အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။

ငါ့သျှင်အာနန္ဒာ ဤလောက၌ “ဤသညာတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤသညာတို့သည် ရပ်တန့်တည်နေသော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤသညာတို့သည် ထူးသော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤသညာတို့သည် ဖောက်ခွဲတတ်သော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း သတ္တဝါတို့သည်ဟုတ်တိုင်းမှန်စွာ မသိကုန်။ ငါ့သျှင်အာနန္ဒာ အကြင် (မသိခြင်း) အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ပင် ကိလေသာ မငြိမ်း့ကုန်၊ ဤသည်ကား အကြောင်း အထောက် အပံ့တည်းဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတြာ အကြင် အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက် ဘဝ၌ပင် ကိလေသာ ငြိမ်းကုန်၏၊ ထို အကြောင်း အထောက်အပံ့သည် အဘယ်ပါနည်းဟု (လျှောက်၏)။

ငါ့သျှင် အာနန္ဒာ ဤလောက၌ သတ္တဝါတို့သည် “ဤသညာတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤသညာတို့သည် ရပ်တန့်တည်နေသော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤသညာတို့သည် ထူးသော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤသညာတို့သည် ကိလေသာကို ဖောက်ခွဲတတ်သော အဖို့ရှိကုန်၏”ဟူ၍လည်းကောင်း ဟုတ်တိုင်းမှန်စွာ သိကုန်၏။ ငါ့သျှင် အာနန္ဒာ အကြင် (သိခြင်း) အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ပင် ကိလေသာ ငြိမ်းကုန်၏၊ ဤသည်ကား အကြောင်းအထောက်အပံ့တည်းဟု (မိန့်ဆို၏)။

နဝမသုတ်။