အင်္ဂုတ္တရနိကာယ်
၇-ဒေဝတာဝဂ်
၉-ပဌမ တဇ္ဈာနသုတ်
၇၃။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ ပဌမဈာန်သို့ ရောက်၍ နေရန် မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ကာမဂုဏ်၌ ဖြစ်သော အလို ‘ကာမစ္ဆ န္ဒ’။
ပျက်စီးစေလိုမှု ‘ဗျာပါဒ’။
လေးလံ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’။
ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’။
မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’။
ထိုပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ အပြစ်ကိုဟုတ်တိုင်းမှန်စွာ ကောင်းသော ပညာဖြင့် မြင်အပ်သည်မဟုတ်။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ ပဌမဈာန်သို့ ရောက်၍ နေရန် မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ပဌမဈာန်သို့ ရောက်၍ နေရန် ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ကာမဂုဏ်၌ ဖြစ်သော အလို ‘ကာမစ္ဆ န္ဒ’။
ပျက်စီးစေလိုမှု ‘ဗျာပါဒ’။
လေးလံ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’။
ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’။
မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’။
ထိုပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ အပြစ်ကိုဟုတ်တိုင်းမှန်စွာ ကောင်းသော ပညာဖြင့် မြင်အပ်သည်မဟုတ်။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ပဌမဈာန်သို့ ရောက်၍ နေရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။